တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခဲ့ကြောင်း BMW ထုတ်ပြန်

ပဲခူးတိုင်း တောင်ငူလေတပ်စခန်းကို အောက်တိုဘာလ ၂၀ ရက် ညက ၁၀၇ မမ ရှော့တိုက်ဒုံးသုံးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ပစ်မှတ်ကို နှစ်လုံးထိမှန်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီက နိုင်ငံတစ်ဝန်းမှာ လေကြောင်းစစ်ဆင်ရေးတွေကို ဆောင်ရွက်နေပြီး အရပ်သားပြည်သူတွေ နေ့စဉ်သေဆုံးနေရသလို တောင်ငူလေတပ်က တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ရာမှာ အဓိကအားထားရတဲ့ လေတပ်ဖြစ်တာကြောင့် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Brave Warriors for Myanmar (BWM) က ထုတ်ပြန်ပါတယ်။

ဒီပစ်ခတ်မှုကို Brave Warriors for Myanmar (BWM)ရဲ့ ဦးဆောင်မှုနဲ့အတူ NSA 31 မြို့ပြပြောက်ကျားအဖွဲ့နဲ့ စစ်တောင်းမြစ်ဝှမ်း ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့တွေက ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ညအချိန်တွေမှာ စစ်ကောင်စီရဲ့လေကြောင်းကနေတိုက်ခိုက်နေသလို စစ်ကောင်စီက လားရှိုး၊ မြစ်ခြေ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကယားပြည်နယ်(ကရင်နီ) နဲ့ စစ်ကိုင်းတိုင်းအတော်များများကို လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ပြည်သူ့တွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို တိုက်ခိုက်နေတဲ့ လေတပ်ကို နှိမ်နင်းဖို့ လိုအပ်ပြီး တော်လှန်ရေးအင်အားစုတွေအနေနဲ့ လေတပ်ကိုနည်းမျိုးစုံနဲ့ တွန်းလှန်တော်လှန်ကြဖို့ကိုလည်း BWM က တိုက်တွန်းထားပါတယ်။

တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်မှုကို BWM အဖွဲ့နဲ့အတူ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အကြိမ်ကြိမ်ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ တောင်ငူလေတပ်စခန်းဌာနချုပ်။ (Citizen Photo)


Comments

Leave a Reply

Your email address will not be published. Required fields are marked *