ပြင်ဦးလွင်−နောင်ချိုလမ်းပိုင်း၌ တိုက်ပွဲဖြစ်ပွား

ဝက်ဝံရွာရှိ စစ်ကောင်စီဂိတ်က ဖြတ်သန်းခွင့်ပိတ်

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်သို့ ဆက်သွယ် ထားသည့်လမ်းပိုင်းရှိကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ် TNLA တို့ကြား တိုက်ပွဲပြင်းထန် နေသောကြောင့် ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်က ဖြတ်သန်းခွင့် ပိတ်ပင်ထားကြောင်း ဒေသခံများနှင့် ယာဉ်မောင်းများထံမှ သိရသည်။

ပြင်ဦးလွင်−နောင်ချိုလမ်းပိုင်းရှိ ဘန့်ဘွေးကျေးရွာအထက်ပိုင်း ရေဝင်ကျေးရွာနှင့် အုမ္မတီးကျေးရွာဘက် တွင် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများလည်းရှိနေကြောင်း ပြင်ဦးလွင်မြို့ ဝက်ဝံကျေးရွာနေဒေသခံတစ်ဦးက ပြောပြချက်အရ သိရသည်။

“မနေ့က လေယာဉ်လေးစီးနဲ့ပစ်တာ။ ဝက်ဝံဘက်ကနေလည်း လက်နက်ကြီးနဲ့လှမ်းပစ်တယ်။ တညလုံး မအိပ်ရဘူး။ ဒီတခါပစ်တာက တော်တော်ကိုကျယ်တာပါ။ ဘာလက်နက်ကြီးတွေနဲ့ပစ်လည်း မသိဘူး။ ရေဝင်အထိက ဟိုဘက် (TNLA နှင့် PDF) က သိမ်းထားတာလေ။ မနေ့ကတော့ အုမ္မတီးအထိ ပြန်ဆုတ် ပေးလိုက်ရတယ်။ အင်ကြင်းကုန်းဘက်မှာဖြစ်တာ၊ နှစ်ဖက်လုံးအထိနာမယ်။ တော်တော်ပြင်းပြင်းထန်ထန်ဖြစ်တာ” ဟု ဝက်ဝံကျေးရွာနေဒေသခံက ပြောသည်။

ပြင်ဦးလွင်−နောင်ချိုလမ်းပိုင်း၌ ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက် သောကြာနေ့ မွန်းလွဲပိုင်းမှ စတင်ကာ တိုက်ပွဲပြန်လည်ပြင်းထန်လာခြင်းဖြစ်ပြီး အောက်တိုဘာ ၁၉ ရက်မှစတင်ကာ ပြင်ဦးလွင်မြို့ ဝက်ဝံကျေး ရွာရှိ စစ်ကောင်စီဂိတ်က ပြင်ဦးလွင်မှနောင်ချိုဘက်သို့တက်သည့် ကားများကို ဖြတ်သန်းခွင့်ပိတ်ပင် လိုက်ခြင်းဖြစ်သည်။

“ဘယ်ကားကိုမှ ပေးမဖြတ်တော့တာ။ ဘုန်းကြီးကား၊ ယာဉ်ကြီးကြီးငယ်ငယ် အကုန်ပြန်လှည့်ခိုင်းနေ တာ။ အုမ္မတီးဘက်တိုက်ပွဲဖြစ်နေတာကြောင့်တဲ့။ ဆိုင်ကယ်နဲ့တော့ ဝက်ဝံကွင်းလမ်းကနေ သွားကြတာ တော့ရှိတယ်”ဟု ဝက်ဝံဂိတ်ကိုဖြတ်၍ ရှမ်းမြောက်ဘက်သို့သွားစဉ် လှည့်ပြန်ခဲ့ရသူယာဉ်မောင်းတစ်ဦးက ပြောသည်။

ယခုတိုက်ပွဲဖြစ်ပွားလျက်ရှိသည့် ပြင်ဦးလွင်−နောင်ချိုလမ်းပိုင်းမှ ကျေးရွာများသည် စစ်တက္ကသိုလ်များ တည်ရှိရာ ပြင်ဦးလွင်မြို့နှင့် မိုင် ၂၀ ခန့်အကွာတွင် တည်ရှိသည်။ ပြင်ဦးလွင်၏ အရှေ့မြောက်ဘက်ရှိ စစ်ကောင်စီအမြောက်တပ်ရင်းများအခြေစိုက်ရာ နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာ၌လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *