စစ်ကောင်စီတိုက်လေယာဉ်ကို တရုတ်စစ်တပ် ပစ်ခတ်ခဲ့ဟုဆို

တရုတ်စစ်တပ်ဟာ စစ်ကောင်စီလေတပ်ပိုင် ရုရှားလုပ် MiG-29 တိုက်လေယာဉ်ကို ပစ်ခတ်ခဲ့တယ်ဆိုတဲ့ သတင်းနဲ့ ဗီဒီယိုတခု X (ယခင် Twitter) နဲ့ Telegram လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

သတင်းတွေမှာ အောက်တိုဘာ ၁၉ ရက်နေ့ကလို့ ဖော်ပြထားပေမယ့် ဖြစ်စဉ်အတိအကျနဲ့ ဖြစ်ပွားချိန်ကို မသိရသေးသလို တချို့သတင်းတွေအရတော့ စစ်ကောင်စီတိုက်လေယာဥ်က မြေပြင်ကို လေကြောင်းတိုက်ခိုက်နေစဉ် တရုတ်နယ်စပ်နားမှာ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

ဗီဒီယိုကို ညဘက်မှာ ရိုက်ထားကာ လေကြောင်းရန်ကာကွယ်ရေး ထိုးဖောက်ကျည်တွေကို ကောင်းကင်ယံဆီ ပစ်လွှတ်နေတာ တွေ့ရပြီး လေယာဉ်ကိုတော့ ဗီဒီယိုထဲမှာ မမြင်ရပါဘူး။ ဗီဒီယိုမှာ တရုတ်စစ်သားတွေလို့ ယူဆရတဲ့ စကားပြောသံတွေ ကြားရပါတယ်။ ဒီဗီဒီယိုရဲ့ စစ်မှန်မှုနဲ့ သတင်းအချက်အလက်တွေကိုတော့ အတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီတိုက်လေယာဥ်ဟာ ဘယ်အဖွဲ့တွေကို ပစ်မှတ်ထားတိုက်ခိုက်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမယ့် အထူးသဖြင့် တရုတ်နယ်စပ်နားက မြန်မာနိုင်ငံမြောက်ပိုင်းမှာ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကြား တိုက်ပွဲဖြစ်နေတာ ကြာပါပြီ။ ဒီဒေသမှာ အထင်ရှားဆုံးက ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဖြစ်ပါတယ်။

နောက်ထပ် အရေးပါတဲ့ အင်အားစုကတော့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ပါ။ UWSA က တရုတ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ရှမ်းမြောက်မှာ နယ်မြေတော်တော်များများကို ထိန်းချုပ်ထားပြီး ဘေဂျင်းနဲ့ ဆက်ဆံရေး ကောင်းမွန်တယ်လို့ သိရပါတယ်။ မြန်မာအစိုးရနဲ့ တရားဝင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရှိပေမယ့် ဒေသတွင်း စစ်ရေးလှုပ်ရှားမှုတွေ မြင့်တက်လာတာကြောင့် တင်းမာမှု မြင့်မားနေဆဲ ဖြစ်ပါတယ်။

ဒါ့ပြင် ဒီဒေသမှာ တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ပလောင် (တအောင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ရက္ခိုင့်တပ်တော် (AA) တို့လည်း ရှိနေပါတယ်။ AA က အဓိကအားဖြင့် မြန်မာနိုင်ငံအနောက်ပိုင်းမှာ လှုပ်ရှားနေပေမယ့် ဒီဒေသက တခြားအဖွဲ့တွေနဲ့ မကြာခဏ ပူးပေါင်းဆောင်ရွက်လေ့ ရှိပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နယ်မြေထိစပ်မှုတွေကြောင့် အဲဒီဒေသတဝိုက်ဟာ တရုတ်အတွက် အလွန်ထိလွယ်ရှလွယ်တဲ့နေရာဖြစ်ပြီး သူ့ရဲ့ တောင်ဘက်နယ်စပ်တလျှောက်က အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပါတယ်။

ပုံစာ – ၇၂ ကြိမ်မြောက် စစ်ကောင်စီလေတပ် ဖွဲ့စည်းတည်ထောင်မှု အခမ်းအနားကို မြင်တွေ့ရစဉ် / CINCDS


Comments

Leave a Reply

Your email address will not be published. Required fields are marked *