ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း ဂေါက်ကွင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် နပခဌာနချုပ်အနီးရှိ အမြောက်တပ် (၃၇၄) ကို အာရက္ခတပ်တော် (AA) က လက်နက်ကြီးများဖြင့် တရစပ်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။
အဆိုပါ နေရာနှစ်ခုကို ယနေ့ (အောက်တိုဘာလ ၂၁ ရက်) နံနက် ၇ နာရီခန့်မှ စတင်ကာ AA က လက်နက်ကြီးများဖြင့် တရစပ် ပစ်ခတ်တိုက်ခိုက်နေသည်ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တစ်ခုက ပြောသည်။
“မနက် ၇ နာရီထဲက အဲ့ဒီနေရာတွေကိုပစ်တာ အခုထိမနားသေးဘူး။ နပခဘက်ကို အဓိကထားပစ်တာပေါ့။ လေကြောင်းကလာတော့လာတယ်၊ ဒါပေမယ့် ဒီဘက် (AA) ကလည်း မြေပြင်ကနေ ပွိုင့်ဖိုက်နဲ့ပြန်ပစ်တော့ ရဟတ်ယာဥ်မပျံတာကြာပြီ၊ လေယာဥ်ဆိုလည်း အနိမ့်ပျံလို့မရတော့သိပ်မဆင်းရဲဘူး” ဟု ၎င်းက ပြောသည်။
ထို့အပြင် အမ်းချောင်းတဖက်ကမ်းတွင်ရှိသည့် စစ်ကောင်စီ၏ အခိုင်အမာခံစစ်ပြင်ထားသော ကမ်းဒိတ်တောင် ကာကင်းစခန်းကိုလည်း အာရက္ခတပ်တော်(AA) က လက်နက်ငယ်များဖြင့် အဆတ်မပြတ်ပစ်ခတ်နေကြောင်း သိရသည်။
အောက်တိုဘာလဆန်းမှစ၍ နပခ အနီးတဝိုက်ကို ထိုးစစ်ဆင် တိုက်ခိုက်နေသည့် AA ၏ ထိုးစစ်အရှိန်သည် အမ်း နပခဌာနချုပ်အနီးသို့ တဖြည်းဖြည်းရောက်ရှိလာပြီဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
အမ်းမြို့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အဓိကကျသောတိုက်ခိုက်ရေးတပ်ဖွဲ့များမှာ ခမရ (၃၇၁) ၊ ခမရ(၃၇၂) ၊ ခမရ (၃၇၃) တို့ ဖြစ်ကြောင်း သိရသည်။
ကာကင်းဖြစ်သည့် မဲတောင်ဗျူဟာကုန်းကို သိမ်းပိုက်ပြီးနောက် မကြာခင်မှာပဲ ခမရ (၃၇၃) ကို AA က သိမ်းပိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား AA ထံ လက်နက်ချမှုများ ရှိကြောင်း AA နှင့်နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။
AA ၏ ထိုးစစ်ကို အပြင်းထန်ခုခံကာကွယ်နေသည့် စစ်ကောင်စီတပ်ဖွဲ့သည် (ယမန်နေ့ အောက်တိုဘာလ ၂၀ ရက်) မွန်းလွဲပိုင်းတွင် ပဲပဒုံရွာအနီး ဗုံးကြဲတိုက်ခိုက်ခဲ့ရာ
ပဲပဒုံရွာခံများမှာ အနီးအနားရှိ အမ်းမြို့သစ်ပေါ်သို့ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။
“အိမ်တွေမှာ မနေရဲတော့ဘူး၊ မြို့သစ်ကို ထွက်ပြေးနေရ တယ်” ဟု ပဲပဒုံရွာခံတစ်ဦးကပြောသည်။
အမ်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေခြင်းကြောင့် အရပ်သားပြည်သူများနှင့် တပ်မိသားစုဝင်မှာ စစ်ဘေးတိမ်းရှောင်သွားကြသော်လည်း စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများမှာမူ အမ်းမြို့ပြင်သို့ ထွက်ခွာခွင့်မရရှိ ကြောင်းသိရသည်။
လက်ရှိ အမ်းမြို့ အပါအဝင် မောင်တောအနောက်ဘက်ခြမ်းရှိ နယ်ခြားစောင့်တပ်ခွဲ နခခ(၅)နှင့် ဂွမြို့တို့တွင် နှစ်ဘက်တိုက်ပွဲပြင်းထန်နေပြီး စစ်ရေးဆက်လက်တင်းမာနေဆဲ ဖြစ်သည်။
Leave a Reply