ထိုင်းနယ်စပ်မြ၀တီမြို့စောင့်တပ်ကို စစ်တပ်က လေကြောင်းဖြင့် စစ်ကူပို့

နာမည်ကျော် အောင်ဇေယျစစ်ကြောင်း မြဝတီမြို့သို့ ချီတက် စစ်ကူပို့ရန် ကြိုးပမ်းမှု ၆ လကြာလာပြီးနောက် စစ်ကူကို လေယာဉ်ဖြင့် ပို့လိုက်သဖြင့် ချက်ချင်း ရောက်သွားသည်။

ကရင်ပြည်နယ်၊ မြ၀တီမြို့ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးဇုန်အနီးရှိ မြို့စောင့်တပ် အမှတ် (၂၇၅)

ခြေလျင်တပ်ရင်းစခန်းကို ယမန်နေ့(အောက်တိုဘာ ၂၀) တွင် စစ်တပ်က စစ်သည် နှင့် လက်နက်ခဲယမ်းရိက္ခာများ လေကြောင်းမှ ဖြည့်တင်းပေးခဲ့ကြောင်း သိရသည်။

နှစ်ဆန်းပိုင်းက မြဝတီမြို့နယ်အတွင်း အနိမ့်ပျံလာသော ရဟတ်ယာဉ်တစ်စီးကို တော်လှန်ရေး အင်အားစု ပစ်ခတ်သဖြင့် တပ်မမှူးတစ်ဦးနှင့် စစ်အရာရှိတချို့ သေဆုံးခဲ့ဖူးသည့် သင်ခန်းစာကြောင့် ထောက်ပံ့ပို့ဆောင်ရေးလေယာဉ် Y8 သည် ဝေဟင်အမြင့်မှသာ စစ်ကူ နှင့် လက်နက်ခဲယမ်းများ ချပေးခဲ့ခြင်း ဖြစ်နိုင်သည်ဟု မြ၀တီ မြို့ဒေသခံ တစ်ဦးက ပြောသည်။

“စစ်ကူ နဲ့ စစ်လက်နက်ပစ္စည်းတွေပေါ့၊ လေယာဉ်က မြို့ပေါ်မှာ ဝဲပျံသန်းနေပြီး လေထီးတွေနဲ့ ချပေးတာ တစ်ခါ၊ တစ်ခါကို ၁၀ ခုလောက်တော့ရှိတယ်။ ကျွန်တော်တို့လည်း မြို့ပေါ်ကဆိုတော့ မြင်ရတာတော့ အရမ်းသေးတယ်” ဟု သူက ဆိုသည်။

မြ၀တီမြို့ပေါ်တွင်မူ ကရင်နယ်ခြားစောင့်တပ် (BGF)က လုံခြုံရေးအပြည့်အ၀ယူထားပြီး အခြေအနေ တည်ငြိမ်နေဆဲဖြစ်ကြောင်း မြို့ခံများထံက သိရသည်။

အမှတ် (၂၇၅) စခန်းအတွက် စစ်ကူပို့ခြင်း ဖြစ်သည်ဟု ကရင်နယ်ခြားစောင့်တပ်(BGF) နှင့် နီးစပ် သည့် သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

“လူအင်အားကတော့ အရမ်းမပါဘူး … အဓိက (၂၇၅) ကို လက်နက်ခဲယမ်းရိက္ခာ ပို့ပေးတာ” ဟု သူက ပြောသည်။

BGF တပ်ဖွဲ့ဝင်တချို့လည်း (၂၇၅) ခြေလျင်တပ်ရင်းစခန်းတွင် ပူးပေါင်းအထိုင်ချနေသည်ဟု သိရသည်။

ထိုစခန်းကို ဧပြီလအတွင်း၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်များကို တိုက်ခိုက်သိမ်းပိုက်ခဲ့ဖူးပြီး သီတင်းပတ် တစ်ပတ်ကျော်ကြာ ထိန်းချုပ်ပြီးနောက် ပြန်လည်ဆုတ်ခွာပေးခဲ့သော တပ်ရင်းဌာနချုပ်ဖြစ်သည်။

ယခုအခါ အောက်တိုဘာ ၁၈ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ် အပြီးသတ်

တိုက်ခိုက်သိမ်းပိုက်ခဲ့သော မြ၀တီမြို့တောင်ဘက်၊ လေးကေ့ကော်ရှိ စွယ်တော်ကုန်း (ခေါ်) အမြောက် ကုန်းစခန်းမှ စစ်ကောင်စီတပ်သားများသည်လည်း (၂၇၅) သို့ ဆုတ်ခွာထွက်ပြေးလာသည်ဟု သိရသည်။

လေးကေ့ကော် စွယ်တော်ကုန်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက လေးလခန့် ဝန်း၀ိုင်းပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီးနောက် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပြီး ထိုစခန်းကုန်းသည် မြဝတီမြို့ နှင့် ပတ်ဝန်းကျင်သို့ လက်နက်ကြီးပစ်ကူ အဓိကပေးခဲ့သော ဗျူဟာမြောက် စခန်းဖြစ်သည်။

ထိုစခန်းကျပြီးနောက် မြ၀တီ- ဝေါ်လေ ကားလမ်း၊ ဘလယ်ဒိုကျေးရွာရှိ စစ်ကောင်စီ၏ ကာကင်းစခန်း များမှ တပ်သားများသည်လည်း ၎င်းတို့စခန်းများကို စွန့်ခွာကာ ခလရ (၂၇၅) သို့ ဆုတ်ခွာထွက်ပြေးခဲ့ ကြသည်ဟု BGF နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်သားများ ခလရ (၂၇၅) သို့ ဆုတ်ခွာနိုင်ရေးအတွက် BGF က ကြားဝင်ညှိနှိုင်းပေးခဲ့ပြီး ဖလူးကျေးရွာလမ်းပိုင်းမှ ဆုတ်ခွာခဲ့ခြင်းဖြစ်သည်ဟု သူက ဆိုသည်။

“BGF ဘက်ကနေ မေတ္တာရပ်ခံပြီးတော့ အပစ်အခတ်ရပ်လိုက်တယ်။ သူတို့(စစ်ကောင်စီ) ပြန်ဖို့ လမ်းကြောင်းတစ်ကြောင်းဖွင့်ပေးလိုက်တာပေါ့ ” ဟု သူက ပြောသည်။

ထို့အတွက်ကြောင့် စစ်ကောင်စီသည် ခလရ (၂၇၅) ကို လေကြောင်းမှ လက်နက်ခဲယမ်းရိက္ခာ ဖြည့် တင်းပေးခြင်းဖြစ်သည်ဟု သူက မှတ်ချက်ပြုသည်။

အကျအဆုံးများနေသော အောင်ဇေယျစစ်ကြောင်း

ဗိုလ်မှူးစောချစ်သူ ဦးဆောင်သော ကရင် BGF အကူအညီဖြင့် တော်လှန်ရေးပူးပေါင်းတပ်များလက်မှ ပြန် လည်ရယူထားသော ကရင်ပြည်နယ်၊ မြ၀တီမြို့သို့ စစ်သည်အင်အား ဖြည့်တင်းရန် ချီတက်လာသော အောင်ဇေယျစစ်ကြောင်း အကျအဆုံးများနေသည်ဟု သိရသည်။

ထိုစစ်ကြောင်းသည် ဒေါနတောင်တန်းပေါ်တွင် ၀ိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်မှုများကြောင့် အထိအခိုက်အကျဆုံးများကာ မြ၀တီမြို့သို့ မရောက်နိုင်တော့ဘဲ နောက်ပြန် ဆုတ်ရမည့် အခြေအနေဖြစ်နေသည်ဟု တော်လှန်ရေးတပ်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ​ပြောသည်။

“မြ၀တီမြို့ဆိုင်းဘုတ်နားနီးနီးအထိကို သူတို့ရောက်လာတယ်၊ ရောက်လာပြီဆိုရင် ဒီဘက်ပြန်ပြီး ညှပ်တိုက်လိုက်လို့ရှိရင် ပြန်ပြီးတော့ ကိုးရို့ကားရားတွေ ဖြစ်ပြီး ပြန်ဆုတ်လိုက်ပြန်ပြီ၊ အဲဒီလိုဖြစ်ပြီး သူတို့မှာ အထိအခိုက်အကျဆုံးများနေတာ” ဟု သူက ပြောသည်။

မြ၀တီ -ကော့ကရိတ် အာရှလမ်းမကြီး နှင့် ဒေါနတောင်တန်း တလျှောက်တိုက်ပွဲများတွင် အောင်ဇေယျ စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်က ပြောက်ကျားစနစ်ဖြင့် သတ်ကွင်းဖော်ကာ တိုက်ခိုက်နေ ခြင်းဖြစ်သည်ဟု သူက ဆိုသည်။

“သူတို့ကို တောင်ကုန်း ၂ကုန်း၊ ၃ ကုန်းလောက် ဟ ပေးလိုက်တယ်၊ ဝင်လာပြီဆိုမှ ဒီဘက်က ပြန်ညှပ် တိုက်တယ်။ အဲဒီလိုမျိုးနဲ့ သူတို့က အထိနာပြီး ရှေ့မတိုးဖြစ်ပြီး ပြန်ပြန်လှန်ကျနေတာ” ဟု သူက ဆက်ပြောသည်။

စစ်ကောင်စီ၏ ဒုခေါင်းဆောင် ဗိုလ်ချုပ်စိုးဝင်ကိုယ်တိုင် ကွပ်ကဲသည့် နိုင်ငံတော်အဆင့် စစ်ဆင်ရေးဖြင့် ဧပြီလတွင် မြ၀တီသို့ ချီတက်လာသောအောင်ဇေယျစစ်ကြောင်းသည် သံချပ်ကာကား၊ အမြှောက်များ၊ အတွဲလိုက်ပစ်ဒုံးတင် ကားများ ပါဝင်ပြီး စစ်သည် အင်အား ၅၀၀ ခန့်ရှိမည်ဟု ခန့်မှန်းခဲ့ကြသည်။

ယခုအခါ အင်အားမည်မျှကျန်ရှိနေသည်ကို မသိရှိရသေးပေ။

ဒေါနတောင်တန်းပေါ်ရှိ တိုက်ပွဲအခြေအနေများနှင့် ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ပြောရေးဆိုခွင့်ရှိသူများထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ယမန်နေ့(အောက်တိုဘာ ၂၀) တွင်လည်း ထိုစစ်ကြောင်းအထိနာ၍ ဒေါနတောင်သို့ လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်၊ ထို့အတူ ပြီးခဲ့သည့် သီတင်းပတ်အတွင်းတွင်လည်း ဂျက်ဖိုက်တာဖြင့် လာရောက်တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

ကရင်ပြည်နယ် ကော့ကရိတ်နှင့် မြဝတီခရီးသည် အာရှလမ်းမအတိုင်း ကားဖြင့်သွားမည်ဆိုပါက တစ်နာရီ ခန့်ကြာသည့်ခရီးဖြစ်သော်လည်း စစ်ကောင်စီတပ်သည် ခြောက်လဝန်းကျင်အထိ ကြာမြင့်နေသည့်အထိ မရောက်နိုင်ဖြစ်နေသည်။

ဒေါနတောင်တန်းသည် ကော့ကရိတ်နှင့် မြဝတီမြို့အကြားရှိ ပေ ၆၀၀၀ ကျော်မြင့်သော တောင်ဖြစ်ပြီး အာရှလမ်းမနှင့် ကော့ကရိတ်-မြဝတီလမ်း ဖြတ်သန်းရာ တောင်ဖြစ်သည်။

ဒေါနတောင်ရှိ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် မဟာမိတ်တပ်များက ဟန့်တားထားခြင်း ဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *