စစ်ကောင်စီ တပ်သား ၂ ဦးကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးလုံး သေဆုံး

ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းရွာမှ ဆိုင်ကယ်ဖြင့် ထွက်လာသည့် စစ်ကောင်စီ တပ်သား ၂ ဦးကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးလုံး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းရွာမှ ဆိုင်ကယ်ဖြင့် ထွက်လာသည့် စစ်ကောင်စီ တပ်သား ၂ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးပြီး MA 1 သေနတ် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယနေ့အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၇ နာရီ ၃၃ မိနစ်ခန့်တွင် ညောင်ကိုင်းရွာ မှ တည်သီးတောရွာကို ဆိုင်ကယ်တစ်စီးဖြင့် ထွက်လာသည့် စစ်သား ပေသီး နှင့် ပျူစောထီး မောင်ကြီး ဆိုသူကို တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၂ ဦးစလုံး သေဆုံးခဲ့ကြောင်းသိရသည်။

သေဆုံးသွားသော စစ်ကောင်စီ တပ်သး ၂ ဦးထံမှ MA 1 အမျိုးအစား သေနတ် ၁ လက်၊ ကျည် ဘောက် ၃ ခုနှင့် အီနာဂါဗုံးသီး ၄ လုံးတို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း၊ ဆက်လက်၍ အကြမ်းဖက် စစ်သား၊ ပျူနှင့် စကစထောက်တိုင်များကို တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

“ကျနော်တို့အဖွဲ့ ဆက်လက်ပြီး မစ်ရှင်ပေါင်းများစွာ ဖော်ဆောင်ဖို့ရာ လက်နတ်ခဲယမ်း ပြန်လည် ဖြည့်တင်းဖို့ ပြည်တွင်း ပြည်ပက ပြည်သူများ ကူပေးကြပါအုန်းလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို တိုက်နယ် ၂ ကပဖ ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရွှေဘိုမြို့နယ် ပကဖ တိုက်ခိုက်ရေး (PDO) အဖွဲ့ ၊ တိုက်နယ် ၃ ပကဖ တိုက်ခိုက်ရေးအဖွဲ့ (ကြီးလေးကြီး ပကဖ အဖွဲ့၊ ဓားညီနောင် ပကဖအဖွဲ့) ၊ တိုက်နယ် ၅ ပကဖ ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *