ဘုတလင်ရောက် လူသတ်စစ်ကြောင်းကို ခြေရာခံခြင်း (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်က ကလေးငယ်နဲ့ အမျိုးသမီးအချို့အပါအဝင် ဒေသခံ ၂၄ ဦးကို ဖမ်းဆီးပြီး ဦးခေါင်းနဲ့ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေ ဖြတ်တောက်သတ်ဖြတ်ခဲ့ပါတယ်။

မုံရွာမြို့၊အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ဝင်လာတဲ့ အင်အား၁၀၀ ကျော်ရှိတဲ့ စစ်ကြောင်းဟာ အောက်တိုဘာလ ၁၂ ရက်နဲ့ ၁၃ ရက်မှာ ကလေးငယ်တဦး၊အမျိုးသမီးနှစ်ဦး အပါအဝင်ဒေသခံ ၁၅ဦးကိုသတ်ဖြတ်ခဲ့တာပါ။

အောက်တိုဘာ ၁၇ ရက်နေ့ (သတင်းကျွတ်လပြည့်နေ့)မှာတော့ ဘုတလင်မြို့နယ် စီပါရွာဒေသခံခြောက်ဦးကို ဖမ်းဆီးပြီး အချို့ကို ခေါင်းဖြတ်သတ်ခဲ့ပြန်ပါတယ်။

ဒါ့အပြင် သူတို့ဖြတ်လိုက်တဲ့ ဦးခေါင်းနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း‌တွေကို ထန်းသားနဲ့ကာထားတဲ့ခြံစည်းရိုးမှာထိုးစိုက်ထားခဲ့ပါတယ်။

ဒီစစ်ကြောင်းဟာ တပ်မ(၇၇)နဲ့ တပ်မ(၃၃) လက်အောက်ခံတပ်ရင်းတွေ စုပေါင်းထားတဲ့ စစ်ကြောင်းလို့ ကြားသိရပြီး မူးယစ်ဆေးသုံးစွဲကာ ရွာစဉ်လှည့် စစ်ကြောင်းထိုးနေဆဲလို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေကိုဖမ်းဆီးပြီး စစ်ကြောင်းဆက်ထိုးနေလို့ ဘုတလင်မြို့ပေါ်နဲ့ကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာကိုထွက်ပြေးနေကြရပါတယ်။

ဘုတလင်မြို့မှာ အကြမ်းဖက်တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုဖြစ်ပြီး နိုင်ငံတကာအနေနဲ့အာရုံစိုက်ပြီးအရေးယူရမယ့်ကိစ္စဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *