မီးသတ်တပ်ဖွဲ့ဌာနချုပ်အနီး မီးလောင်မှု ၂ နာရီခန့်နောက်ကျပြီးမှ မီးသတ်ကားရောက်၍ တစ်အိမ်လုံးပြာကျ

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်တွင် ၊မီးလာလိုက်ပျက်လိုက်မကြာခဏဖြစ်ပြီး​နောက် ဝါယာရှော့ဖြစ်ကာ တိုက်အိမ်တစ်လုံး မီးလောင်မှုဖြစ်ရာ မီးသတ်ကားများ ၂နာရီခန့် နောက်ကျပြီးမှ လာရောက်ငြှိမ်းသတ်ခဲ့၍ တစ်အိမ်လုံးပြာကျကြောင်း ​ဒေသ
ခံများက ပြောသည်။

မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဓနသိဒ္ဓိလမ်းမှ နှစ်ထပ်တိုက်တစ်လုံးသည် ယနေ့(အောက်တိုဘာ၂၂ရက်) နံနက် ၄နာရီခန့်တွင် ဝါယာ ရှော့မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခြင်းဖြစ်သည်။

” မီးမလောင်ခင်လေးမှာ လျှပ်စစ်မီးက လာလိုက်ပျက်လိုက်နဲ့ ၅ကြိမ်ဖြစ်တယ်။ မိုးကလည်း ရွာနေတော့ လျှပ်စစ်ဝါယာရှော့ဖြစ်မှာကို ကြောက်နေတာ။ သိပ်မကြာဘူး ဓနသိဒ္ဓိလမ်းဘက်ကနေ မီးခိုးလုံးတွေ တက်လာတာပါ”ဟု မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၌ နေသူတဦးက ပြောသည်။

မီးလောင်မှုဖြစ်သည့်နေရာသည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် ရှိသည့်နေရာနှင့် ၅ မိနစ်ခန့် ကားမောင်းလျှင်ရောက်သော်လည်း မီးသတ်ကားများသည် နံနက် ၆နာရီကျော်မှ ရောက်ရှိလာခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်​ကောင်စီလက်​အောက်ခံ မီးသတ်ဌာနကမူ ၆နာရီ ၃မိနစ်မှ မီးသတင်းရပြီး သမိုင်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး ထွက်ခွာကာ မီးငြှိမ်းသတ်ခဲ့ကြောင်း၊ ၆နာရီ ၂၇ မိနစ်တွင် မီးထိန်းနိုင်ပြီး ၆နာရီ၃၅မိနစ်၌ မီးငြိမ်းကြောင်း ထုတ်ပြန်ထားသည်။

ဓနသိဒ္ဓိလမ်း၌ နေသူများကမူ မီးသည် နံနက် ၄နာရီကတည်းက စတင်လောင်ကျွမ်းခြင်းဟု ပြောသည်။

“လျှပ်စစ်ဌာနကကောင်တွေ ပရမ်းပတာလုပ်ပြီး မီးသတ်ကကောင်တွေက အနေချောင် အစားချောင်နေကြလို့ ဖြစ်တာ။ အိမ်က အကြီးကြီးဗျ။ နှမြောစရာပဲ။ အိမ်တွင်း စက်မှုလုပ်ငန်းလည်း လုပ်နေတဲ့အိမ်။ အကုန်ကုန်တာပဲ”ဟု မီးလောင်မှုကို သွားရောက်ကြည့်ရှုခဲ့သူတစ်ဦးက ပြောသည်။

ရန်ကုန် မရမ်းကုန်းတွင် နံက်အစောပိုင်း မီးလောင်မှု မီးသတ်ယာဉ်အစီး ၂၀ အုပ်စုဖြင့် ငြှိမ်းသတ်ရ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် မိုးသည်းနေသည့်ကြားမှ မီးလောင်မှုဖြစ်ပွါးရာ မီးသတ်နှင့် ရေသယ်ယာဉ် အစီး (၂၀) ပါဝင်သည့်အုပ်စုဖြင့် ငြှိမ်းသတ်ရကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ် အမှတ်(၈) ရပ်ကွက်၊ ဓနသိဒ္ဓိလမ်းတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၂) ရက်နေ့ နံက် (၄) နာရီကျော်ကတည်းက မီးစတင်လောင်ကျွမ်းပြီး မီးသတ်တပ်ဖွဲ့က (၆)နာရီခွဲတွင် မီးလောင်သတင်းအကြောင်းကြားမှုကို လက်ခံရရှိကြောင်း သိရသည်။

“ကျွန်တော့်အိမ်နောက်မှာပါ။ စလောင်တာမနက် ၄ နာရီကျော်လောက်က မိုးတွေအရမ်းရွာနေပေမဲ့အိမ်ထဲမှာ အရမ်းကို လောင်နေပါတယ်။ ပေါက်ကွဲသံတွေလည်း ကြားရပါတယ်။မနက်(၆:၁၅)လောက်မှာ မီးသတ်ကား လာပါတယ်။တစ်ညလုံး လျှပ်စစ်မီးက လာလိုက်ပျက်လိုက်နဲ့မို့။ဟိုတစ်လောကလည်း ညဖက်မီးတွေ ဆောင့်တက်လိုက်တာလမ်းမှာထွန်းထားတဲ့မီးလုံး၊မီးချောင်းတွေအကုန်ကျွမ်းကုန်ပါတယ်။ ညတောင်သတိထားအိပ်နေရတဲ့ဘဝတွေပါ။”ဟု မီးလောင်မှူဖြစ်ပွါးရာအနီး နေထိုင်သူတစ်ဦးက ပြောထားသည်။

မီးလောင်မှုဖြစ်ပွါးသည့်နံက် (၄)နာရီဝန်းကျင်က လျှပ်စစ်မီး လာလိုက်၊ ပြတ်လိုက်ဖြစ်ခဲ့ကြောင်း သိရသည်။

“အိမ်ရှေ့လေးတင်လောင်တာ။ သနားပါတယ်။ လူတော့အထိခိုက်မရှိဘူး။ မီတာဘောက်ကစလောင်တာ ဘေးက နှိုးကြသေးတယ်။ မနိုးတော့ အကုန်ကူးကုန်တာ။ စက္ကူစက်လည်း လုပ်တော့ လောင်စာများတယ်ထင်တယ် ခဏထဲနဲ့ အကုန်ကုန်တာပဲ”ဟု အိမ်နီးချင်းတစ်ဦးက လူမှုကွန်ယက်တွင် မျှဝေထားသည်ကို တွေ့ရသည်။

မီးလောင်မှုဖြစ်ပွါးရာသို့ မီးသတ်ယာဉ်များ နံက် (၆)နာရီ ၁၂ မိနစ်တွင် စတင်ထွက်ခွါသည်ဟု မီးသတ်ဌာနထုတ်ပြန်ချက်အရ သိရသည်။

ယင်းနောက် နံက် ၆ နာရီ ၂၇ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိဟု ကနဦးထုတ်ပြန်ချက်အရ သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *