ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အထယုကျေးရွာမှာ အောက်တိုဘာ ၁၉ ရက်က ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေ ဘီယာအတူတူသောက်ရာမှ စကားများ ရန်ဖြစ်ပြီး အုပ်ချုပ်ရေးမှူး ဓားနဲ့ ထိုးသတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အထယုကျေးရွာထိပ်ရှိ ကုန်စုံဆိုင်မှာ ဘီယာသောက်ရင်း စကားများရာကနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထိန်လင်းကို ကြံ့ခိုင်ရေးပါတီဝင် ဦးဇော်မင်းထွန်းက ဓားနဲ့ ထိုးသတ်ခဲ့တာလို့ ရွာသားတယောက်က ပြောပါတယ်။
“ညနေ ၆ နာရီခွဲလောက်က ရွာထိပ်က ကုန်စုံဆိုင်မှာ ပြည်ခိုင်ဖြိုးပါတီက လူတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ ဘီယာသောက်ရင်း စကားများကြတာ။ ပြည်ခိုင်ဖြိုးပါတီက ဇော်မင်းထွန်းက အုပ်ချုပ်ရေးမှူးကို ဓားနဲ့ထိုးသွားတာ၊ နေရာအနှံ့ပဲ ဆေးရုံမှာသေသွားတယ်။”
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထိန်လင်းဟာ ဓားနဲ့ ၅ ချက်ဆင့်ထိုးရတဲ့ဒဏ်ရာနဲ့ လှည်းကူးဆေးရုံကို ပို့ဆောင်စဥ် လမ်းမှာ သေဆုံးသွားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူက ပြောပါတယ်။
“ရဲကိုရော စစ်တပ်ကိုရော အကြောင်းကြားတယ်။ ဖြစ်ဖြစ်ချင်း ဘယ်သူမှရောက်မလာဘူး။ လမ်းမှာ သေတယ်ဆိုတဲ့ အသံကြားမှ ရောက်လာတာ အဲဒီအချိန် သတ်တဲ့သူက ထွက်ပြေးသွားပြီ။”
လတ်တလောမှာ ပြစ်မှုကျူးလွန်သူ ဇော်မင်းထွန်းကို မှော်ဘီမြို့မရဲစခန်းက ပ/၃၈၅/၂၀၂၄ ပုဒ် မ ၃၀၂ နဲ့ အမှုဖွင့်ထားပါတယ်။
အောက်တိုဘာ ၁၆ ရက် မနက်ကလည်း အင်းစိန်မြို့နယ် ကမ်းနားအနောက်ရပ်ကွက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးသန်းကို ထောင်ထွက်လူမိုက်တယောက်က ဓားနဲ့ထိုးသတ်မှု ဖြစ်ပွားခဲ့ ပါတယ်။
Leave a Reply