ပြင်ဦးလွင် မြို့တွင်းတိုက်ပွဲများ ဖြစ်လာနိုင်သည်ဟု စစ်တပ်က တရားဝင်အသိပေး

ပြင်ဦးလွင် မြို့တွင်းတိုက်ပွဲများ ဖြစ်လာနိုင်သည်ဟု စစ်တပ်က တရားဝင်အသိပေးလာပြီး နောက် ဆုံး လက်ကျန် တပ်မိသားစုဝင်များကို ပြောင်းရွှေ့ပေးနေ၊ ပြင်ဦးလွင်မှ လက်နက်ကြီးပစ်ကူမှုများ ဆက်တိုက် လုပ်ဆောင်လာ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်တွင် မြို့တွင်း တိုက်ပွဲများဖြစ်လာနိုင်သည်ဟုဆိုကာ စစ်ကောင်စီ၏ လက်ရုံးတပ်များတွင် တရားဝင် အသိ ပေး ပြောဆိုလာပြီး နောက်ဆုံးလက်ကျန် တပ်မိသားစုဝင်များကို ပြောင်းရွှေ့ပေးမှုများ လုပ်ဆောင်နေကြောင်း တပ်သတင်းရင်းမြစ်တချို့နှင့် ဝန်ထမ်းအသိုင်းအ၀ိုင်းက အတည်ပြုပြောဆိုသည်။

အောက်တိုဘာလ ၁၃ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန်တပ်စခန်းဖြစ်သော ခလရ ၂၃ တပ်ရင်းဌာနချုပ်ကို TNLA နှင့် တော်လှန်ရေးတပ်များက သိမ်းပိုက်လိုက်ပြီးနောက် သီပေါမြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ရရှိသည်ဟု ကြေညာခဲ့ကြောင်း၊ သီပေါမြို့နယ်ရှိ ခမရ ၅၀၃၊ ခမရ ၅၀၄ တပ်ရင်းများအားလုံးမှာလည်း တော်လှန်ရေးတပ်များ အောက် ကျရောက်ခဲ့ကြောင်း၊ ထိုသို့ သီပေါမြို့နယ်နှင့် တပ်ရင်းစခန်းကြီး ၃ ခုလုံး သိမ်းပိုက်ခံရချိန်မှစတင်၍ ပြင်ဦးလွင်မြို့နယ်ရှိ စစ်ကောင်စီ၏ လက်ရုံးတပ်များအတွင်း နောက်ဆုံးလက်ကျန် မိသားစုများကို တပ်များမှ ပြောင်းရွှေ့ပေးခြင်းဖြစ်ပြီး Non-CDM ဝန်ထမ်းအသိုင်းအ၀ိုင်းတွင်လည်း မှီခိုသူမိသားစုများကိုလည်း ၎င်းတို့၏ အစီအစဉ်ဖြင့် ရွှေ့ပြောင်းနေကြကြောင်း သိရှိရသည်။

“အခု နောက်ဆုံး ပြောင်းရွှေ့တာကတော့ လက်ကျန် တပ်မတော် မိသားစုဝင်တွေ ဖြစ်ပါတယ်။ ရှေ့မှာလည်း တစ်သုတ်၊ နှစ်သုတ် မိမိအစီ အစဉ်နဲ့ မိမိ ပြောင်းရွှေ့ခဲ့ကြပြီးဖြစ်ပါတယ်။ သက်ဆိုင်ရာတပ်ရင်း၊ တပ်နယ်တွေက တပ်မိသားစုဝင်တွေကို အထူးသဖြင့်တော့ ဆေးဝါးကုသမှု ဆက်လုပ်ရမယ့်သူတွေ၊ တစ်ခုခု အရေးအကြောင်းဆိုရင် ပြေးဖို့ လွှားဖို့ ခက်တဲ့ နာတာ ရှည် လူနာ၊ သက်ကြီးရွယ်အိုတွေ မိဘဆွေမျိုးတွေ၊ လသားကလေးငယ်တွေရှိတဲ့ မိသားစုက မိခင်တွေပေါ့၊ မြို့တွင်းတိုက်ပွဲတွေဖြစ်လာရင် မပြေးနိုင်ဘဲ ကျန်ရစ်ပြီး ထိခိုက်နိုင်မယ့် သူမျိုးတွေကို အဓိကထား ပြောင်းရွှေ့ဖို့ ကူညီပေးတာဖြစ်ပါတယ်။ မိမိအစီအစဉ်နဲ့ မိမိပြောင်းလို့ရသလို တပ်နယ်အစီအစဉ်နဲ့လည်း ပြောင်းရွှေ့ ကူညီတာရှိပါတယ်” ဟု တပ်မတော်သိပ္ပံနှင့်နည်းပညာတပ်မှ တပ်သတင်းရင်းမြစ်က ရှင်းပြသည်။

ယခု ၂၀၂၄ ခုနှစ် ၊ ဩဂုတ်လဆန်းပိုင်းအတွင်းတွင်လည်း ပြင်ဦးလွင်ရှိ တပ်နယ်များနှင့် တပ်ရင်းတပ်ဖွဲ့များမှ တပ်မိသားစုဝင်များ ပထမအကြိမ် အဖြစ် ပြင်ဦးလွင်မှ အသုတ်လိုက် ထွက်ခွာခဲ့ကြပြီး ၂ လအကြာ အောက်တိုဘာလနှောင်းပိုင်းတွင် ဒုတိယအကြိမ်အဖြစ် လက်ကျန် တပ်မိသားစုဝင်များ ထပ်မံ၍ ထွက်ခွာနေကြခြင်းဖြစ်ကြောင်း၊ တပ်အသိုင်းအ၀ိုင်းမှ လက်ကျန် မိသားစုဝင်များ ပြောင်းရွှေ့နေမှုကြောင့် Non-CDM ဝန်ထမ်းအသိုင်းအ၀ိုင်းကလည်း နောက်ဆုံးလက်ကျန် မိသားစုဝင်များကို ပြောင်းရွှေ့ပေးနေကြကြောင်း သိရှိရသည်။

လတ်တလော ပြင်ဦးလွင်မြို့ပေါ်တွင် လက်နက်ကြီးပစ်ကူသံများ နေ့စဉ်နှင့်ညစဉ် ပြန်လည် ထွက်ပေါ်လာပြီး ဂန့်ဂေါကျေးရွာအနီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များက ပြင်ဦးလွင်အထိ လမ်းတစ်လျှောက် ကျေးရွာမှ ပြည်သူများကို အတင်းအကျပ် ပြောင်းရွှေ့ခိုင်းနေကြောင်း၊ ဂန့်ဂေါကျေးရွာအနီး တပ်စခန်းများ ကျပါက တိုက်ပွဲများသည် ပြင်ဦးလွင်မြို့တွင်းအထိ ရောက်ရှိလာနိုင်သည်ဟု လမ်းတစ်လျှောက်ရှိ ကျေးရွာများကို စစ်တပ်က ဘက်ပြောဆိုလာကြောင်း၊ လက်နက်ကြီးအန္တရာယ်နှင့် တိုက်ပွဲများအကြား ပိတ်မိနိုင်သည်ဟု အသိပေး၍ ပြောင်းရွှေ့ခိုင်းနေကြောင်း သိရှိရသည်။

“ပြင်ဦးလွင် လက်နက်ကြီးပစ်ကူသံပြန်ကြားနေရပါတယ်။ ဂန့်ဂေါရွာအနီးဝန်းကျင်မှာတော့ စစ်တပ်ဘက် တပ်ချထားတာရှိတယ်။ အဲဒီတပ်က လက်ရုံးတပ်တွေအများစုပါတယ်။ လက်ရှိ တိုက်ပွဲတွေကြောင့် ကျေးရွာပြည်သူတွေ ပြောင်းရွှေ့ဖို့ ပြောနေပြီ။ တိုက်ပွဲတွေ အရမ်းပြင်းထန်လာရင် ရွာသားတွေပါ ရှောင်ဖို့ပြောပါတယ်။ ပြင်ဦးလွင်မြို့ထဲအထိ တိုက်ပွဲရောက်လာနိုင်တယ်ဆိုပြီး တပ်ဘက်က အသိပေးလာတယ်” ဟု ဂန့်ဂေါကျေးရွာမှ စစ်ဘေးရှောင် ပြည်သူတစ်ဦးက ရှင်းပြသည်။

ယမန်နေ့ညပိုင်း TNLA ၏ ထုတ်ပြန်ချက်တွင် နောင်ချိုမြို့နယ်၊ ဂန့်ဂေါကျေးရွာရှိ စာသင်ကျောင်းနေရာတွင် တအာင်းအမျိုးသားလွတ် မြောက် ရေးတပ်မ တော် TNLA နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်တပ်က ဂန့်ဂေါကျေးရွာရှိ စာသင် ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းနေရာတို့ကို ဒရုန်းဖြင့် ၂ ကြိမ် ဗုံး ၁၈ လုံးလာရောက်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ရှမ်းပြည် နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အား ပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ပြင်ဦးလွင်မြို့ပေါ်တွင်လည်း ဧည့်စာရင်းစစ်ဆေးမှုများ ယခင်ထက် ပိုမို ပြုလုပ်လာပြီး ပြင်ဦးလွင်မြို့ အဝင်အထွက် ဝက်ဝံစစ်ဆေးရေးဂိတ်တွင်လည်း စစ်ရေးတင်းမာနေ၍ ဖြတ်သန်းခွင့်များကို အလွန်တင်းကျပ်စွာ စိစစ်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပြင်ဦးလွင်အခြေစိုက် စစ်တက္ကသိုလ်၏ ဗိုလ်လောင်းကျောင်းဆင်းပွဲတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)


Comments

Leave a Reply

Your email address will not be published. Required fields are marked *