စစ်တပ်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖြုတ်ချရန် ကြိုးပမ်းမှုများ ရှိလာနိုင်

စစ်တပ်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖြုတ်ချရန် ကြိုးပမ်းမှုများ ရှိလာနိုင်ဟု ICG အစီရင်ခံစာက သုံးသပ်

အာဏာသိမ်းစစ်တပ်အတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပေါ် မကျေနပ်မှုများ မြင့်တက်လာနိုင်ပြီး အကြီးတန်းစစ်ဖက်အရာရှိများက မင်းအောင်လှိုင်ကို ရာထူးမှ ဖြုတ်ချရန် ကြိုးပမ်းကောင်းကြိုးပမ်းလာနိုင်သည် ဆိုပြီး နိုင်ငံတကာ ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG) အစီရင်ခံစာတရပ်တွင် ဖော်ပြသည်။

စစ်တပ်လိုလားသည့် အသိုင်းအဝိုင်းအနေဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အပေါ် သဘောမကျ၊ မကျေမချမ်းဖြစ်မှုတို့ မြင့်တက်ခြင်းကို တွေ့မြင်ရနိုင်သည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

အတိုက်အခံတို့သည် စစ်အုပ်စု၏ ရွေးကောက်ပွဲပြင်ဆင်မှုများကို ပွဲဖျက်ဟန့်တားရန် ကြိုးပမ်းသွားဖွယ်ရာ ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

မင်းအောင်လှိုင်အပေါ် အများပြည်သူဝေဖန်မှု၊ အမြင်သဘောကွဲလွဲမှုတို့ ကြီးထွားလာခြင်းကို ညွှန်ပြနိုင်သည့် အကြီးတန်းစစ်တပ်အရာရှိများ ဖမ်းဆီးခံရမှုများ၊ စစ်အုပ်စု၏ စစ်မြေပြင်အရှုံးများနှင့် ၂၀၂၅ တွင် ဖြစ်နိုင်ဖွယ် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများ စသည်တို့ကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

စစ်အုပ်စုခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်ပါက အတိုက်အခံများနှင့် ဆွေးနွေးညှိနှိုင်းရေး အခွင့်အလမ်းများ ပေါ်ပေါက်နိုင်သည် ဆိုသော်လည်း ယင်းက ပဋိပက္ခကို ပိုမို လောင်စာဖြည့်ပေးဖွယ်ရာ ရှိကြောင်း၊ ခေါင်းဆောင်ပိုင်းအစားထိုးမှုတခုကလည်း ပိုပြီးတရားသေအယူစွဲကိုင်သူလူစုများထံမှ လာဖွယ်ရှိပြီး ယင်းက တန်ပြန်ထိုးစစ်များ၏ ပြင်းထန်မှုအရှိန်ကို ပိုတိုးစေနိုင်သည် ဆိုပြီး အစီရင်ခံစာက ဖြစ်နိုင်ခြေရှိ အကျိုးဆက်များနှင့်ပတ်သက်ပြီး သုံးသပ်သည်။

၂၀၂၅ ရွေးကောက်ပွဲက မင်းအောင်လှိုင်ကို အာဏာတချို့ လက်လွှတ်စေရန် တောင်းဆိုခြင်းအားဖြင့် မင်းအောင်လှိုင်၏ ခေါင်းဆောင်မှုကို အားပျော့စေနိုင်သည် ဆိုသော်လည်း ရွေးကောက်ပွဲက စစ်တပ်ထံမှ လုပ်နည်းကိုင်နည်းပိုင်းဆိုင်ရာ အဓိကအပြောင်းအလဲတခုကို ဦးတည်စေဖွယ်ရာ မရှိဟု အစီရင်ခံစာက သုံးသပ်သည်။

စစ်အုပ်စုသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို တန်ပြန်ထိုးစစ်တခု လုပ်ဆောင်ရန် ကြိုးပမ်းဖွယ် ရှိကြောင်း ICG အစီရင်ခံစာက ဖော်ပြသည်။

အောက်တိုဘာတွင် စတင်သည့် ခြောက်သွေ့ရာသီအတွင်း ရှမ်းပြည်မြောက်ပိုင်း၌ ညီနောင်မဟာမိတ် ၃ ဖွဲ့ (မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ အာရက္ခတပ်တော် (AA) ) ကို တန်ပြန်ထိုးစစ်တခု လုပ်ဆောင်ရန် စစ်ကောင်စီ တပ်ဖွဲ့များက ပြင်ဆင်နေပုံရသည်ဟု အစီရင်ခံစာက ဖော်ပြသည်။

ထို့ပြင် အာဏာသိမ်းစစ်ကောင်စီသည် ကယားနှင့် ကရင် ပြည်နယ်တို့အပါအဝင် နိုင်ငံအရှေ့တောင်ဘက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုလည်း ထိုးစစ်ဆင်မှုများ အရှိန်မြှင့်လုပ်ဆောင်လာနိုင်သည်ဟု ဆိုသည်။

ယင်းကို တုံ့ပြန်သည့်အနေဖြင့် စစ်တပ်၏ ရင်းမြစ်များကို လမ်းကြောင်းပြောင်းစေရန်အလို့ငှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကလည်း အာဏာသိမ်းမှုအလွန် ခုခံတော်လှန်ရေးအဖွဲ့များအတွက် ထောက်ခံပံ့ပိုးမှုကို တိုးမြှင့်ဖွယ် ရှိသည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြသည်။

တရုတ်သည် ယင်း၏ နယ်စပ်၌ ပဋိပက္ခကို နည်းနိုင်သမျှ နည်းစေရေး ကြိုးပမ်းဖွယ်ရာ ရှိပြီး သက်ဆိုင်သူအဖွဲ့အားလုံးကို အလွတ်သဘော သို့မဟုတ် တရားဝင် အပစ်ရပ်ရေး ဖိအားပေးဖွယ် ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

အကယ်၍ စစ်တပ်အနေဖြင့် အားကောင်းသော ညီနောင်မဟာမိတ် ၃ ဖွဲ့ထံ ဩဂုတ်လက လက်လွှတ်ဆုံးရှုံးထားခဲ့သည့် နယ်မြေတို့ကို ပြန်လည်သိမ်းယူနိုင်သည် ဆိုပါက ယင်း၏ အကျိုးတရားတွင် အရှိန်အဟုန် ပြောင်းစေနိုင်ဖွယ် ရှိနိုင်သလို အခြားလက်နက်ကိုင်အဖွဲ့များကိုလည်း ၎င်းတို့၏ နယ်မြေများ ဆက်ထိန်းထားနိုင်ရေး စစ်အုပ်စုနှင့် အလွတ်သဘော ညှိနှိုင်းဆွေးနွေးမှု လုပ်စေရန် စေ့ဆော်နိုင်သည်။ သို့သော်လည်း ရှမ်းမြောက်ပိုင်းတွင် တန်ပြန်ထိုးစစ် အောင်မြင်ရန်က ဖြစ်နိုင်ဖွယ်ရာ မရှိပေ။ စစ်အုပ်စု၏ မအောင်မြင်သည့် တိုက်ပွဲကြိုးပမ်းမှုက ခေါင်းဆောင် မင်းအောင်လှိုင်အပေါ် ဖိအားတို့ စုပုံစေလိမ့်မည် ဖြစ်ကြောင်း အစီရင်ခံစာက သုံးသပ်သည်။

အာရက္ခတပ်တော် (AA) သည် မောင်တောနှင့်‌ တောင်ကုတ် မြို့များ အပါအဝင် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ နယ်မြေများကို ထပ်မံ သိမ်းယူဖွယ် ရှိကြောင်း ICG အစီရင်ခံစာက ဖော်ပြသည်။ AA အနေဖြင့် ပြည်နယ် မြို့တော် စစ်တွေနှင့် မဟာဗျူဟာကျ စစ်တပ်စစ်စခန်းများကို အရှိန်မြှင့်တိုက်ခိုက်နိုင်သည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြသည်။

အပြန်အလှန်အားဖြင့် အာဏာသိမ်းစစ်တပ်ကလည်း AA ထိန်းချုပ်ထားသည့် နယ်မြေများတွင် ဗုံးကြဲမှုများကို အရှိန်မြှင့်လုပ်ဆောင်ဖွယ် ရှိသလို စစ်တွေဝန်းကျင်ရှိ IDP စခန်းများမှ ရိုဟင်ဂျာများကို အတင်းအကျပ် လူသစ်စုဆောင်းမှုတို့ကိုလည်း တိုးမြှင့်လုပ်ဆောင်ဖွယ်ရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

AA အနေဖြင့် ၂၀၂၄ ကတည်းက စစ်တပ်နှင့်အတူ တိုက်ခိုက်နေသည့် ရိုဟင်ဂျာညီညွတ်ရေးအဖွဲ့ RSO နှင့် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးအဖွဲ့ ARSA အပါအဝင် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များထံမှ ပြည်နယ်မြောက်ပိုင်းတွင် သောင်းကျန်းမှုများ တိုးလာမှုနှင့် ရင်ဆိုင်ရဖွယ် ရှိသည်ဟု ဆိုသည်။

အကြမ်းဖက်မှုဆီအထိ ဦးတည်စေဖွယ်ရာရှိသည့် လူမျိုးရေး တင်းမာမှုများက ရခိုင်ပြည်နယ်တွင်း၌သာမက၊ ဘင်္ဂလားဒေ့ရှ်နှင့် ပြည်ပတွင် အခြေချနေထိုင်သူများအကြားတွင် ဗုဒ္ဓဘာသာဝင် ရခိုင်များနှင့် မွတ်စလင် ရိုဟင်ဂျာများအကြား ကြီးထွားနိုင်သည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

တိုက်ပွဲများက စားနပ်ရိက္ခာ ထောက်ပံ့မှုများကို ထိခိုက်စေနိုင်ပြီး နောက်ထပ် အရပ်သားပြည်သူများကို တွယ်ရာမဲ့ဖြစ်စေနိုင်သလို ယင်းက ကိုယ်ပိုင်အုပ်ချုပ်သည့် ဒေသတခု ထူထောင်ရန် AA ၏ ကြိုးပမ်းမှုများကို ထိခိုက်စေလိမ့်မည် ဖြစ်သည်ဟု အစီရင်ခံစာက သုံးသပ်သည်။

ရိုဟင်ဂျာ တသန်းခန့်ကို နေရာပေးထားသည့် ဒုက္ခသည်စခန်းများ ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့လည်း ဒုက္ခသည် စီးဝင်ရောက်ရှိမှုများ မြင့်တက်လာနိုင်သည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။ ထွက်ပြေးသည့် ရိုဟင်ဂျာများသည် လူကုန်ကူးသူများကို ငွေပေးပြီး အရှေ့တောင်အာရှရှိ နိုင်ငံများအထိ ရောက်ရန် ကြိုးပမ်းကြလိမ့်မည် ဖြစ်ကြောင်း ICG အစီရင်ခံစာတွင် ဖော်ပြသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *