ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့ လက်နက်အပြည့်အစုံဖြင့် KIA ထံ အလင်းဝင်

ကချင်ပြည်နယ်၊ ကန်ပိုင်တီမြို့နှင့် ပန်ဝါမြို့ကြားရှိ တမူခုန်း(Tamu Hkung)ရွာမှ ပြည်သူ့စစ်တပ်ဖွဲ့အချို့ လက်နက်အပြည့်အစုံဖြင့် ကချင်လွတ်လပ်ရေးတပ်တော် KIA ထံ အလင်းဝင်ခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ အောက်တိုဘာလ (၂၃)ရက်နေ့တွင် တမူခုန်း(Tamu Hkung)ရွာရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့ကို တမူခုန်းပြည်သူ့စစ် ဗိုလ်ကိုယ်တိုင် ဦးဆောင်ပြီး KIAထံ လက်နက်အပြည့်အစုံဖြင့် KIA ထံအလင်းဝင်လာခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“တမူခုန်းဆိုတဲ့ ရွာက ပြည်သူ့စစ်တွေဖြစ်ပါတယ်၊ ပန်ဝါဘက်ကို KIA စစ်ကြောင်း ရောက်လာကတည်းက ကြောက်ပြီး ထွက်ပြေးသွားတာ၊ ပုန်းနေတာတွေ လုပ်ခဲ့ကြတယ်၊ ပန်ဝါကို KIA သိမ်းလိုက်တော့မှ ရွာကနေပြန်လာကြပြီး သူတို့ရဲ့ ဗိုလ်တစ်ယောက်ဦးဆောင်ပြီး လက်နက်တွေနဲ့အတူ အလင်းဝင်ခဲ့ကြပါတယ်။”ဟုပြောသည်။

တရုတ်-မြန်မာနယ်စပ် ပန်ဝါမြို့ကို KIA၊ PDF၊ AAနှင့် ဂေါ်ရခါးတပ်များပါဝင်သော ပူးပေါင်းတပ်များမှ ပြီးခဲ့သည့် အောက်တိုဘာလ (၁၈)ရက်နေ့ညပိုင်းတွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်လက်နက်ပေါင်း (၅၀၀)ကျော်ကိုလည်း သိမ်းဆည်းရမိကြောင်း သိရသည်။

ပန်ဝါမြို့အတွင်း တိုက်ပွဲဖြစ်ပွားစဉ် ပြည်သူများကို နယ်စပ်ဂိတ်များပိတ်ကာ တားဆီးထားသော တရုတ်အာဏာပိုင်များသည် ပန်ဝါမြို့မှ ထွက်ပြေးလာသော စကစတပ်သား (၁၀၀)ခန့်ကို ကန်ပိုင်တီမြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းထွက်ပေါ်လျက်ရှိသည်။

ကန်ပိုင်တီမြို့နှင့် အနီးအနားရှိ ကျေးရွာများမှ ဒေသခံပြည်သူများသည် ပြီးခဲ့သည့် အောက်တိုဘာလ (၂၀)ရက်နေ့ခန့်မှစ၍ ရှောင်တိမ်းနေကြရပြီဖြစ်ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *