စစ်အုပ်စုက ထိုးစစ်ဆင်လို့ မေမြို့နဲ့ နောင်ချိုကြား တိုက်ပွဲ အပြင်းအထန်ဖြစ်

မန္တလေးတိုင်း မေမြို့ ဘန့်ဘွေးရွာဘက်ကနေ နောင်ချိုနယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုနဲ့ တအာင်း တပ်မတော် – TNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ နောင်ချိုနယ်၊ ဂန့်ကော်ရွာ အနီးမှာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပါတယ်။

စစ်အုပ်စုက မေမြို့ – နောင်ချိုလမ်း ဘန့်ဘွေးရွာ ဘက်ကနေ စစ်ကြောင်းထိုးလို့ တိုက်ပွဲ ဖြစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

“အရင်က စစ်အုပ်စုက ဘန့်ဘွေးအထိပဲ ထိုင်တာ။ ရှေ့မတိုးဘူး။ အခု တိုးလာတာ။ ပလောင် (TNLA) ကလည်း ရှေ့ကိုတော့ တိုးနေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲကြောင့် အောက်တိုဘာ ၂၀ရက် မတိုင်ခင် ကတည်းက မေမြို့ – နောင်ချို ကားလမ်း ပိတ်ထားပါတယ်။

ရှမ်းမြောက် နောင်ချိုမြို့နယ်နဲ့ ရှမ်းတောင် ရပ်စောက်မြို့နယ်အစပ်၊ နောင်ချိုနယ် တောင်းခမ်းရွာက လက်ကျန် အမြောက်စခန်း နှစ်ခုကို မကျအောင် ထိန်းထားရင်း စစ်အုပ်စုက မေမြို့ဘက်ကနေ စစ်ကြောင်းထိုးတာပါ။

အောက်တိုဘာလ ၂၂ရက် နေ့လည်ပိုင်းက နောင်ချိုမြို့နယ် ဂန့်ကော်ကျေးရွာ စာသင်ကျောင်းနေရာမှာ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နဲ့ စစ်အုပ်စု တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က မနေ့က ထုတ်ပြန်ပါတယ်။

မေမြို့နဲ့ နောင်ချိုကြား၊ ဘန့်ဘွေးနဲ့ အုမ္မသီးကြား တိုက်ပွဲတွေ ဖြစ်နေပေမယ့် မေမြို့မှာတော့ ပစ်ခတ်သံ မကြားရဘဲ ငြိမ်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *