မန္တလေးမြို့ဘေးရှိ ပုသိမ်ကြီးတွင် တိုက်ပွဲဖြစ်၊ ပြင်ဦးလွင်တွင် တပ်မိသားစု စစ်ရှောင်

MDY-PDF ထိန်းချုပ်ထားသည့် ပုသိမ်ကြီးမြို့နယ်ကို ကြည်းတပ်၊ လေတပ် ပူးပေါင်းပြီး ထိုးစစ်ဆင်နေသည်၊အနီးရှိ ပြင်ဦးလွင်တွင်လည်း ထိုးစစ်အတွက် အင်အားစုစည်းထားသည်ဟု ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDY-PDF) က ၎င်းတို့ထိန်းချုပ်ထားသည့် ပုသိမ်ကြီးမြို့နယ် ဖယောင်းတောင်ရွှေလုပ်ကွက်အနီး အောက်တိုဘာ၂၂ ရက်တွင် တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ပြောသည်။

နံနက် ၁၁ နာရီမှစကာ ညနေအထိ ထိုနေရာအနီးကျေးရွာများ လေကြောင်း တိုက်ခိုက်မှုဒဏ် ခံခဲ့ရပြီး သီလရှင်ကျောင်းတစ်ကျောင်းလည်း ပစ်မှတ်ဖြစ်ခဲ့သည်ဟု MDY-PDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ဆိုသည်။

“ဖယောင်းတောင်ဘက်မှာလည်း ကျွန်တော်တို့ မနေ့က တိုက်ပွဲတစ်နေကုန်နီးပါး ဖြစ်ခဲ့ပါတယ်ဗျ ”ဟု ကိုအော်စမွန်က ပြောသည်။

အောင်သပြေကျေးရွာ Alpha ဘိလပ်မြေစက်ရုံသို့သွားရာလမ်းတွင် ရှိသည့် “ဝေပုလ္လ”သီလရှင်ကျောင်း တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု အသက် ၆၀ အရွယ် မတ္တရာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ပထမဆုံးလာပစ်တဲ့ လေယာဉ်က သီလရှင်တိုက်ကို အပေါ်က ကြဲတယ်။ စက်သေနတ်နဲ့လည်း ပစ်တယ်။ ၄ ကြိမ်လောက် လာပစ်တယ်။ အဲဒီကနေ တောင်(ဘက်) ကို ယွန်းသွားပြီး ဖယောင်းတောင်ရှိတဲ့ဘက်ကို သွားပစ်တယ်”ဟု ၎င်းက ဆိုသည်။

လွန်ခဲ့သည့် ၃လ ကျော်ခန့်ကတည်းက ကျောင်းမှ သီလရှင်များက ဘေးလွတ်ရာသို့ ရှောင်တိမ်းနေကြောင်း၊ အဆိုပါနေရာတွင် တော်လှန်ရေး တပ်ဖွဲ့ဝင်များလည်း ခိုလှုံမှုမရှိကြောင်း အထက်ပါအမျိုးသားက ပြောသည်။

“သီလရှင်ကျောင်းက ဟိုအရင် တိုက်ပွဲတွေစဖြစ်ကတည်းက ရှောင်တိမ်းကြတယ်လို့တော့ကြားတယ်။

ကျောင်းအစောင့်တွေတော့ ချန်ခဲ့တာပေါ့။သူတို့က(စစ်တပ်) PDFတွေရှိကြတယ် ထင်လို့ ပစ်တာလည်း ဖြစ်မှာပေါ့”

ယမန်နေ့က ဖယောင်းတောင်အနီး နံနက် ၁၁ နာရီမှ ညနေ ၆ နာရီကျော်အထိ လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန်လုပ်သောကြောင့် အထိအခိုက်ရှိနိုင်ကြောင်း မတ္တရာဒေသခံနောက်တစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်သလားတော့မသိဘူးပေါ့နော်။ ဖယောင်းတောင်နဲ့ ကံကြီးရွာကြားကို လေယာဉ်နဲ့ ပစ်တာ။ ဦးလေးတို့ တောင်ပေါ်ကတက်ကြည့်တာ မီးခိုးလုံးတွေက တလိပ်လိပ် တက်ပြီးလာတာ။ အတော် ပြင်း ထန်တယ်။ အထိအခိုက်တွေလည်းရှိနိုင်တယ်”ဟု ဆိုသည်။

စစ်ကောင်စီခန့် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဦးမောင်ကို ပိုင်ဆိုင်သည့် ဖ‌ယောင်းတောင်ရွှေတွင်းရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်ပြီး ဩဂုတ်လဆန်းကတည်းက MDY-PDF က သိမ်းပိုက်ထားသည်။

ယမန်နေ့ ညနေတွင် အဆိုပါဖယောင်းတောင်သို့ သွားရာလမ်းတွင်ရှိသော ကံကြီးရွာရှိ တရုတ်နွားမွေးခြံ များ၌ စစ်ကား ၂ စီး တွေ့ရှိရကြောင်း၊ ဒဏ်ရာရစစ်သားအများ အပြား ပါလာကြောင်း ထိုသူက မျက်မြင်များကို ကိုးကား၍ ပြောသည်။

“နွားမွေးတဲ့အဆောက်အဦတွေ ရှိတယ်။အဲဒီအဆောက်အဦးတွေထဲမှာ သူတို့ကားတွေ ရှိတာ။ မြင်လိုက်သူတွေပြောတာက အဲဒီကားနှစ်စီးနဲ့ ဒဏ်ရာရစစ်သားတွေကိုသယ်လာတယ်။ သွေးတွေက တစ်စက်စက်နဲ့ ကျနေတယ်”

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်စာမျက်နှာများတွင် ယမန်နေ့က အောင်သပြေကျေးရွာ ဘိလပ်မြေစက်ရုံ ဝန်းကျင်နှင့် ဖယောင်းတောင်ရွှေတွင်းအနီး လေတပ်က တိုက်ခိုက်ခဲ့ကြောင်း၊ Drop ဗုံးများ၊ တာဝေး၊ တာလတ်၊ အမြောက်များဖြင့်ပါ နေရာအနှံ့တိုက်ခိုက်ပြီး မြေပြင်ထိုးစစ်လည်း မနက်ပိုင်းတွင် အစပြုကြောင်း ရေးသားထားသည်။

လက်ရှိအချိန်ထိ အဆိုပါဖယောင်းတောင်ဒေသနှင့် ဘိလပ်မြေစက်ရုံအနီးစခန်းများအား MDY-PDF ကပင် ထိန်းချုပ်ထားသည်ဟု ဒေသခံများကဆိုကြသည်။

ပုသိမ်ကြီးမြို့နယ်သည် မန္တလေးနှင့် ပြင်ဦးလွင်ကြားတွင် တည်ရှိသည်။

ပြင်ဦးလွင် စစ်ရေးအခြေအနေ

တိုက်ပွဲများနှင့် နီးကပ်နေသည့် ပြင်ဦးလွင်မြို့တွင် ဒေသခံများနှင့်တပ်မိသားစုများ ဆက်လက် ရှောင်တိမ်းနေကြသည်ဟု စုံစမ်းသိရသည်။

ပြင်ဦးလွင်မြို့နှင့် မိုင်၂၀ ခန့်အကွာ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဂန့်ကော်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်သည် အောက်တိုဘာ ၂၁ ရက်ကတည်းက တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) , MDY-PDF ပူးပေါင်းတပ်တို့ကို ရင်ဆိုင်နေသည်။

စစ်ကောင်စီတပ်သည် ထိုးစစ်ဆင်ရန် စစ်သည်အင်အား အစွမ်းကုန် စုစည်းထားရကြောင်း TNLA နှင့် နီးစပ်သူတစ်ဦးက ခန့်မှန်းသည်။

“နောင်ချိုနဲ့ပြင်ဦးလွင်အစပ်ကတော့ တိုက်ပွဲထိတွေ့မှု အနည်းငယ်တော့ရှိတယ်။ ထိုးစစ်ကြီးကြီးမားမား တော့ စစ်ကောင်စီအနေနဲ့ အင်အားမရှိပါဘူး” ဟု သူက ဆိုသည်။

“နယ်မြေရှင်းလင်းရေးဆိုတဲ့ခေါင်းစဉ်နဲ့ သူတို့ရမ်းသမ်းပြီး ထိုးထွက်လာတာရှိတယ်။ တိုက်ခိုက်ရေးတပ် တွေနဲ့ မဟုတ်ပါဘူး။ ပြင်ဦးလွင်မှာရှိတဲ့ နည်းပြ (စစ်တက္ကသိုလ်နည်းပြဆရာများ) တွေနဲ့ ထိုးထွက်လာတာ ရှိတယ်”

“၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်း” အတွင်း ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ကို TNLAနှင့် ပူးပေါင်းတပ်များ က သိမ်းပိုက်ထားရာ စစ်ကောင်စီက နောင်ချိုမြို့ကို ပြန်သိမ်းပိုက်နိုင်ရေး ပြင်ဦးလွင်မြို့ဘက်မှ ကြိုးပမ်းလာခြင်းဖြစ်သည်။

ပြင်ဦးလွင်မြို့ခံတချို့ နှင့် တပ်မိသားစုဝင်များပြောင်းရွှေ့ထားပြီး ပြင်ဦးလွင်တပ်အတွင်း စစ်သားတချို့ နှင့် မိသားစုအနည်းငယ်သာရှိတော့ကြောင်း တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“စစ်ရေးမငြိမ်ကတည်းက တပ်ထဲက ကလေးနဲ့သက်ကြီးရွယ်အိုရှိတဲ့သူတွေက အကုန်ပြောင်းကုန်ကြပြီ။ မရှိကြတော့ဘူး။ တပ်ထဲမှာ စစ်သားနဲ့မိသားစုနည်းနည်းပဲ ရှိကြတော့တာ။ အဓိကကတော့ ကလေးမရှိတဲ့ သူတွေပေါ့။ နေရပ်ဇာတိပြန်ကြတာပေါ့”ဟု သူက ဆိုသည်။

ယင်းကဲ့သို့ တပ်မိသားစုဝင်များ စစ်ဘေးရှောင်ပြောင်းရွှေ့နေထိုင်ရေး စစ်တပ်က စီစဉ်ပေးခြင်းမရှိဘဲ ကိုယ့်အစီအစဉ်ဖြင့်ကိုယ် ရွှေ့ပြောင်းကြရကြောင်း ပြောသည်။

“ကလေးငယ်ရှိတဲ့ စစ်မှုထမ်းအမျိုးသမီးတွေကိုတော့ ခြောက်လ၊ တစ်နှစ် နယ်ပေးပြန်တယ်။ လစာလည်း ပေးတယ်။ အချိန်ပြည့်ရင်တော့ တပ်ကိုသတင်းပြန်ပို့ပြီးမှ ဘာဆက်လုပ်မလဲ အမိန့်ပေးတာပေါ့” ဟု သူက ဆက်ပြောသည်။

လတ်တလော ပြင်ဦးလွင်မြို့အတွင်းတွင် ပုံမှန်အခြေအနေတွင် ရှိနေပြီး မြို့စွန်ရှိဈေးဆိုင်အချို့ ပိတ် ထားကြကြောင်း၊ မြို့တွင်းမြို့အပြင် စစ်ဆေးရေးဂိတ်များ အင်အားသုံးဆခန့်တိုးချထားကာ လုံခြုံရေး တင်းကျပ်ထားကြောင်း စုံစမ်းသိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *