မြန်မာနိုင်ငံတစ်ဝန်း ၃ လအတွင်း စစ်ပွဲများနှင့် စစ်တပ်၏ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၂၄၄ ဦးသေဆုံး

မြန်မာနိုင်ငံတစ်ဝန်း ၃ လအတွင်း စစ်ပွဲများနှင့် စစ်တပ်၏ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၂၄၄ ဦးသေဆုံး

မြန်မာနိုင်ငံတစ်ဝန်း ဇူလိုင်လမှ စက်တင်ဘာလအထိ ၃ လအတွင်း တိုက်ပွဲများနှင့် စစ်တပ်၏ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၂၄၄ ဦးသေဆုံးခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က ၂၀၂၄ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအတွင်း ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်သေဆုံးသူ ၁၀၄၄ ဦးအထိရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၃၈၃ ဦးအထိရှိခဲ့ကြောင်း၊ စစ်ပွဲများဖြစ်ပွားချိန် ၃ လတာ ကာလအတွင်း အရပ်သား သေ ဆုံးမှု ၂၀၀ ဦးနှင့် ဒဏ်ရာရရှိမှု ၂၄၁ ဦးရှိကြောင်း၊ ထို့ကြောင့် စစ်တပ်၏ ပစ်မှတ်ထားတိုက်ခိုက်မှုနှင့်တိုက်ပွဲများအတွင်း အရပ်သား သေဆုံးမှုမှာ ၃ လတာကာလအတွင်း ၁၂၄၄ ဦးရှိကြောင်း သိရှိရသည်။

ထို့ပြင်လက်နက်ကိုင် တော်လှန်ရေးအင်အားစုများက အကြမ်းဖက် စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့သည့် တိုက်ပွဲ ၂၁၂၆ ကြိမ်ရှိခဲ့ပြီး မြို့ပေါင်း ၁၂ မြို့ကို သိမ်းယူနိုင်ခဲ့ကြောင်း၊ စက်တင်ဘာလတွင်မူ တိုက်ပွဲဖော်ဆောင်မှုတွင် စစ်ကိုင်း၊ ရှမ်းပြည်မြောက်ပိုင်းနှင့် မကွေးတိုင်းအတွင်း အများဆုံး ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲများသည် ဩဂုတ်လနှင့် နှိုင်းယှဉ်ပါက ၄ ဒသမ ၅၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ၊ ရှမ်းမြောက်ဒေသ၌ တိုက်ပွဲဖြစ်ပွားမှုမှာ ပြီးခဲ့သည့်လနှင့် နှိုင်းယှဉ်ပါက ၂ ဆနီးပါး လျော့ကျခဲ့သော်လည်း နောင်ချိုမြို့နယ်နှင့် သီပေါမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့ပြီး ဒုတိယတိုက်ပွဲဖြစ်ပွားမှုအများဆုံးဒေသဖြစ်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စက်တင်ဘာလအတွင်း အဓိကအားဖြင့် တွေ့ ရှိရသည့် စစ်ဆင်ရေးများနှင့် တိုက်ပွဲဖော်ဆောင်မှုများအနက် နှစ်ဘက်အပြန်အလှန်တိုက်ခိုက်မှုများ၊ ဒရုန်း ဖြင့်တိုက်ခိုက်မှုဖြစ်စဉ်များနှင့် လက်နက်ကြီးဖြင့်တိုက်ခိုက်မှုဖြစ်စဉ်များမှာ အများဆုံးဖြစ်ကြောင်း၊ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ၏ စစ်ဆင်ရေးများနှင့် တိုက်ပွဲဖော်ဆောင်မှုများသညိ အများဆုံးဖြစ်ပြီး ၎င်းတို့၏ စစ်ရေးပစ်မှတ်အများစုမှာ စစ်ကောင်စီ၏ စစ်ကြောင်းများ၊ စစ်စခန်းများ၊ တပ်ရင်းများ၊ ဗျူဟာ ကုန်းများ၊ စစ်ဌာနချုပ်များ၊ တပ်စုငယ်များ သို့မဟုတ် တပ်ဖွဲ့ဝင်များနှင့် ရဲစခန်းများဖြစ်ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ပြောဆိုသည်။

လက်နက်ကိုင် တော်လှန်ရေးအင်အားစုများသည် ကချင်၊ ရှမ်း(မြောက်)၊ မန္တလေးနှင့် ရခိုင်စစ်မျက်နှာများတွင် မြို့‌ပေါင်း ၁၂မြို့ကို သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်ပြီး ၂၀၂၄ခုနှစ်၏ တတိယ ၃ လပတ်အတွင်း စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသ ၄ ခု သည် ရှမ်းပြည်မြောက်ပိုင်း၊ မန္တလေး၊ စစ်ကိုင်းနှင့် မကွေးဒေသများဖြစ်ကြောင်း၊ ထို့ပြင် ၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယပိုင်း စစ်ဆင်ရေးအတွင်း လက်နက်ကိုင် တော်လှန်ရေး အင်အားစုများက စစ်ကောင်စီ၏ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို သိမ်းယူနိုင်ခဲ့ကြောင်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ပြောဆိုထားသည်။

ဓာတ်ပုံ- ယခုနှစ်ဇွန်လ ၅ ရက်နေ့ မင်းကင်းမြို့နယ်၊ မတောကျေးရွာတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားရသည့်ပြည်သူများ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *