အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကိုက် ၁၀၀ အကွာသို့ တိုက်ပွဲများ ရောက်ရှိနေ

ရခိုင်ပြည် အမ်းမြို့နယ်က စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ နှစ်ဖက်တိုက်ပွဲမှာ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နှင့် ကိုက် ၁၀၀ ခန့်အကွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဝန်းရံထားသည့် အရံတပ်စခန်းများကို အာရက္ခတပ်တော်က အရှိန်မြှင့်ထိုးစစ်ဆင်လျက်ရှိနေပြီး ယမန်နေ့ အောက်တိုဘာ ၂၃ ရက် ညနေပိုင်းအထိ နပခ ၏ အရံတပ်စခန်းထဲက အမြောက်တပ်ကို တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“အမြောက်တပ်ကို တိုက်နေကြပြီ။ အမြောက်တပ်နားမှာပဲ ဆေးတပ်နဲ့ ထောက်ပို့တပ်တွေလည်းရှိနေတယ်။ အခုတိုက်ပွဲက နပခ နဲ့ ကိုက် ၁၀ဝ လောက်ပဲ အကွာအဝေးရှိတော့တယ်” ဟုပြောသည်။

အမ်းတိုက်ပွဲတွင် စစ်ကောင်စီဖက်မှ လေကြောင်းပစ်ကူမှု ဆက်တိုက် ပြုလုပ်နေသော်လည်း တိုက်ပွဲမှာ တိုင်းဌာနချုပ်နှင့် အလွန်နီးကပ်လာ၍ လေကြောင်းပစ်ကူမှု လျော့နည်းသွားသည်ဟု အမ်းဒေသခံတစ်ဦးက ပြောသည်။

“တိုက်ပွဲက တိုင်းဌာနချုပ်နဲ့ သိပ်မဝေးတော့ လေကြောင်းပစ်ကူတာတွေလည်း သိပ်မလုပ်နိုင်တော့တာ တွေ့ရတယ်။ မနေ့ကဆို လုံးဝနီးပါးကို လေကြောင်းပစ်ခတ်မှု မရှိခဲ့ဘူး။ တိုက်လေယာဉ်တွေက အပေါ်မှာပဲ တဝဲလည်လည်တော့ ရှိနေကြတယ်” ဟု ပြောသည်။

အမ်းမြို့နယ်က စစ်ကောင်စီ၏ တောဟိန်းတောင်ဗျူဟာ၊ စေ့ချောင်းဗျူဟာ၊ မဲတောင် ဗျူဟာနှင့် နပခကို ကာရံထားသည့် တပ်စခန်းအချို့ကိုလည်း AA က သိမ်းပိုက်ထားသည်။

ယင်းအပြင် အမ်းမြို့လေယာဉ်ကွင်းကို စစ်ကောင်စီ လေယာဉ်များ လုံးဝအသုံးပြု၍ မရနိုင်စေရန် AA က ဝိုင်းရံပိတ်ဆို့ ပစ်ခတ်နေပြီး စစ်ကောင်စီမှာ အမ်းလေယာဉ်ကွင်းကို လက်လွတ်ဆုံးရှုံးလိုက်ရသည့် အနေထားရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုကြသည်။

အမ်းမြို့နယ်မှ စစ်ကောင်စီတပ်စခန်းများကို ပြီးခဲ့သည့်မတ်လကစ၍ AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလတွင် တိုက်ပွဲပိုပြင်းထန်ကာ လက်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အထိ ထိုးဖောက်ဝင်ရောက်လာခြင်းဖြစ်သည်။

အမ်းမြို့ခံအများစုမှာ ပြီးခဲ့သည့်လပိုင်းများထဲက မြို့မှတိမ်းရှောင်ခဲ့ကြပြီဖြစ်သော်လည်း အချို့မှာ မြို့တွင်းတွင်ကျန်ရစ်ခဲ့ရာမှ လက်ရှိ တိုက်ပွဲအတွင်း ပိတ်မိနေပြီး စားရေးရိက္ခာများလည်း ကျပ်တည်းလျှက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်၊ ညနေ (၃) နာရီ (၅ဝ) မိနစ်တွင် စစ်ကောင်စီ၏ အမ်းမြို့နယ်အခြေစိုက် မဲတောင်ဗျူဟာအား အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက်ပြီးနောက် အာရက္ခစစ်တော်များအား မဲတောင်ဗျူဟာကုန်း တစ်နေရာ၌တွေ့ရစဉ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *