အိမ်လေလံတန်ဖိုး ၁၀ ဘီလီယံလျှော့ချရန် ဦးအောင်ဆန်းဦး တင်ပြ

လေလံဆွဲသူမရှိသေးသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမွေဆိုင်အိမ်တန်ဖိုးအား အကိုဖြစ်သူ ဦးအောင်ဆန်းဦးဘက်က ကျပ် ၁၀ ဘီလီယံလျှော့ချကာ ဈေးနှုန်းသစ် ထပ်မံတင်သွင်းခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။

ဦးအောင်ဆန်းဦးရှေ့နေက ကမာရွတ်ခရိုင်တရားရုံးသို့ အောက်တိုဘာ ၂၂ ရက်ရုံးချိန်းတွင် ယခင်လေလံဈေး ကျပ် ၃၀၀ ဘီလီယံမှ ၂၉၀ ဘီလီယံထိ လျော့ချရန် တင်ပြခဲ့ခြင်းဖြစ်ကာ ယင်းနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က နိုဝင်ဘာ ၁၃ ရက်ရုံးချိန်း၌ ကန့်ကွက် တင်ပြမည်ဖြစ်ကြောင်းလည်း သိရသည်။

လေလံတင်နေသည့် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ ခြံအမှတ် (၅၄/၅၆) သည် ၁ ဒသမ ၉၂၃ ဧက ကျယ်ဝန်းပြီး ဗိုလ်ချုပ်အောင်ဆန်း၏ကတော်ဖြစ်သူ ဒေါ်ခင်ကြည် အမည်ပေါက် ဖြစ်သည်။

ထိုအိမ်အား ရောင်းချပြီးခွဲဝေယူရန် ဦးအောင်ဆန်းဦးက ၂၀၀၁ ခုနှစ်တွင် စတင်တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက် ဦးအောင်ဆန်းဦးအား အနိုင်ပေးကာ လေလံတင်ရောင်းချရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခင်စစ်အစိုးရလက်ထက်က ထိုအိမ်တွင် နေအိမ်အကျယ်ချုပ်ဖြင့် ၁၅ နှစ်ခန့် နေထိုင်ခဲ့ရသည်။

လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးကာ ထောင်ဒဏ် ၃၃နှစ် ချမှတ်ထားပြီး မည်သည့်နေရာတွင် အကျဉ်းချထားသည်ကို တိတိကျကျထုတ်ဖော်ပြောဆိုခြင်းမရှိသည့်အပြင် ရှေ့နေအဖွဲ့အပါအဝင် မိသားစုဝင်များနှင့်လည်း တွေ့ဆုံခွင့် ပိတ်ပင်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်ပြီး စိုးရိမ်ဖွယ်ရာရှိကြောင်း လူမှုကွန်ရက် စာမျက်နှာများတွင် ရေးသားဖော်ပြမှုများရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်ထံ ထောင်ဝင်စာပို့ဆောင်စဉ် အကျဉ်းထောင်ဘက်က ကျန်မာရေးကောင်းသည်ဟုသာ တုံ့ပြန်လေ့ရှိကြောင်း အမှုနှင့်နီးစပ်သူတဦးကပြောသည်။

ပုံစာ-ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် ၅၄


Comments

Leave a Reply

Your email address will not be published. Required fields are marked *