ငပုတောတွင် စက်လှေမှောက်ပြီး နယ်ထိန်းရဲ ၂ ဦး ရေနစ်သေဆုံး

ဧရာ၀တီတိုင်း၊ ငပုတောမြို့တွင် ရဲတပ်ဖွဲ့၀င်များ စီးနင်းလာသော စက်လှေတိမ်းမှောက်သဖြင့် နယ်ထိန်းရဲနှစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာ ၂၃ ရက် ညပိုင်းက ငပုတောမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ကျင်စက်အသုံးပြု ငါးရှာနေသူများကိုဖမ်းဆီးရန် ပုလဲနှင့်ငါးလုပ်ငန်းမှ စက်လှေကို အသုံးပြုပြီး သွားရောက်ဖမ်းဆီးစဉ် ကံစိတ်ရွာအနီး ကျား‌ဘော(ငါးဖမ်းပိုက်များတွင် ဗောသီးအဖြစ်အသုံးပြုထားသောပစ္စည်း)ဖြင့် တိုက်မိကာ စက်လှေတိမ်းမှောက်ရာမှ နှစ်ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်းရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှသိရှိရသည်။

“မြို့မစခန်းက ရဲ နှစ်ယောက် ရေနစ်ပြီး သေတယ်လို့ပဲကြားတာ ၊ ဒီမနက်မှ စက်လှေမှောက်ကြတာလို့သိရတယ်။ သူတို့က ညဘက်ဆို သောက်စားမူးနေကြတော့လည်းဖြစ်မှာပေါ့”ဟု ငပုတောမြို့ခံတစ်ဦးမှ ပြောသည်။

သေဆုံးသွားသူများမှာ ငပုတောမြို့မရဲစခန်းမှ ဖျံရေကျော်ကျေးရွာအုပ်စု နယ်ထိန်း အောင်ကျော်ဦးနှင့် တမာန်ချောင်းကျေးရွာအုပ်စုမှ နယ်ထိန်းမျိုးကိုတို့ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။

“ရဲတပ်သားနှစ်ယောက် ရေနစ်သေဆုံးပြီး ၊ သေနတ်တစ်လက်ပါ ရေထဲမြုပ်သွားလို့ စခန်းမှာ ပြသနာတွေတက်နေတယ်”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးမှ ပြောသည်။

အဆိုပါ နယ်ထိန်းရဲနှစ်ဦး သေဆုံးမှုအတွက် ငပုတောမြစ်တစ်လျှောက်တွင် စက်လှေများဖြင့် ရှာဖွေနေသော်လည်း ရုပ်အလောင်းများပြန်လည်မရသေးကြောင်း ဒေသခံများက ပြောကြားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *