ဖမ်းဆီးထားသည့် ဗိုလ်နဂါး၏ BNRA တပ်ဖွဲ့ဝင်များကိစ္စ ရက်ပိုင်းအတွင်းဆုံးဖြတ်မည်ဟု ခင်ဦးပအဖပြော

ခွင့်ပြုမိန့်မရဘဲ သေနတ်ပစ်ဖောက်ခဲ့၍ ဖမ်းဆီးထိန်းသိမ်းထားသည့် ဗိုလ်နဂါးဦးဆောင်သော BNRAမှ တပ်ဖွဲ့ဝင်များကို ပွင့်လင်းမြင်သာစွာ စစ်ဆေးနေပြီး ရက်ပိုင်းအတွင်းဆုံးဖြတ်ချက်မှတ် သွားမည်ဖြစ်ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်နေ့ညက ခင်ဦးမြို့နယ်၊ကန်သာယာကျေးရွာမှ BNRAတပ်ဖွဲ့ ဝင်အချို့သည်မြို့နယ်၊တိုက်နယ်၊ရပ်ကျေး ကာကွယ်ရေး နှင့် အုပ်ချုပ်ရေးအဖွဲ့ များ၊ နယ်မြေခံ တပ်ရင်းများကိုအသိပေးခြင်းမရှိဘဲ သေနတ်ပစ်ဖောက်ခဲ့၍ အခြေအနေကို ထိန်းသိမ်းရန်သွားရောက်စဉ် ပြန်လည်ပစ်ခတ်မည်ဟု ခြိမ်းခြောက်ပြောဆိုခြင်းကြောင့် ယင်းဖြစ်စဉ်၌ပါဝင်သည့် BNRA တပ်ဖွဲ့ဝင်၂၂ဦးနှင့် ဒေသခံအချို့ကို ဖမ်းဆီးထိန်းသိမ်းထားခြင်းဟု ၎င်းက ပြောသည်။

“ သူတို့ကို စစ်ဆေးလိုက်တဲ့အချိန်မှာ BNRA ရဲ့ တပ်ရင်းမှူးဖြစ်သူက သေနတ်မဖောက်ဘူးပြောခိုင်းတာ။ လာခေါ် ရင်လည်း လိုက်စရာမလိုဘူး။ အပြန်လမ်းတွေ မိုင်းထောင်ထားလိုက်ဆိုပြီး ညွှန်ကြားနေတဲ့ ဖုန်း Record တွေရထားတယ်။ အဲ့ အထဲမှာပဲ တပ်ရင်းမှူးဆိုတဲ့သူက ပစ်ဖောက်ထားတဲ့သေနတ်ကို ဖွက်ထားပြီး အခြားသေနတ်ကိုပြဖို့ ညွှန်ကြားတာတွေရှိတယ်။ ဖြေရှင်းဖို့ ရွာလယ်လမ်းမကြီးကိုခေါ် တာကိုလည်း မင်းတို့သွားလိုက်။သံပုရာသီးလက်ပစ် (လက်ပစ်ဗုံး) ကို လက်ထဲကိုင်သွားပြီး အခြေအနေမကောင်းရင် သူတို့ထဲကို တခါတည်းပစ်ထည့်လိုက်ဆိုပြီး သင်နေတာတွေလည်း ပါနေတယ်။ တကယ်လည်း သူတို့ လာတဲ့အချိန်မှာလည်း သံပုရာသီး လက်ပစ်ယူလာတယ် “ ဟု ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံက ပြောသည်။

အဆိုပါဖမ်းဆီးမှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ရွှေဘိုခရိုင် တပ်ရင်း(၃)နှင့် ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ခြင်းဟုသိရသည်။တပ်ဖွဲ့ဝင်များကိုဖမ်းဆီးသွားသည့် တပ်ရင်းတပ်ဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခွင့်ရရေးကြိုးစားခဲ့သော်လည်း တွေ့ ခွင့်မရသေးကြောင်း ဗမာအမျိုးသားတော်လှန်ရေးတပ် (BNRA) အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးက ပြောသည်။

ဗိုလ်နဂါးက “ ပြဿနာဖြစ်လို့ ဖြေရှင်းမယ်ဆိုရင် ဒီဖက်က ဆက်သွယ်တာကိုလက်ခံရမှာ။ အဲ့ထက်ပိုပြီးတော့ သူတို့ ကိုယ်တိုင်က သက်ဆိုင်ရာ အကြီးအကဲတွေကို ဆက်သွယ်ဆောင်ရွက်ရမှာမျိုးပေါ့နော်။ ဒါပေမယ့် ဒါကို လုံး၀ အဆက်အသွယ်မခံဘူး။ သူတို့ဘက် က သက်ဆိုင်ရာဖုန်းနံပါတ်တွေ တောင်းယူ စစ်ဆေးတဲ့အခါမှာလည်း ရေရေ ရာရာ မဖြေရှင်းဘူး။စစ်ဒေသကို လွှဲချလိုက်၊ ပအဖ ကို လွှဲချလိုက်နဲ့ ဘောလီဘောပုတ်နေတဲ့သဘောပေါ့ဗျာ” ဟုပြောသည်။

ဖမ်းဆီးထားသူများကို တော်လှန်ရေး အင်အားစုတရပ်နေဖြင့် သဘောထားကာ ထိန်းသိမ်းထားပြီး ဖိအားပေးစစ်ဆေးခြင်းများမရှိဘဲ တော်လှန်ရေးကာလလုံခြုံရေးအခြေအနေအရ အခြားသူများနှင့်တွေ့ဆုံခွင့်မပြုခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံကပြောသည်။

BNRA တပ်ဖွဲ့အနေဖြင့် ခင်ဦးမြို့နယ်အတွင်း သေနတ်ပစ်ဖောက်မှုပြုလုပ်သည်မှာလေးကြိမ်အထိ ရှိခဲ့ပြီး ပထမအကြိမ်တွင် သက်ဆိုင်ရာအဖွဲ့အစည်းများကို အကြောင်းကြားထားခြင်းမရှိသည့်အတွက် ၂၄ နာရီ ထိပ်တုံးခတ်သည့် ပြစ်ဒဏ်ချမှတ်ခဲ့ဖူးသည်ဟု ၎င်းက ပြောသည်။ ဒုတိယနှင့်တတိယအကြိမ်များတွင် ကြိုတင်အကြောင်းကြားသည့်အတွက် ခွင့်ပြုခဲ့ပြီး ယခုစတုတ္ထအကြိမ်တွင် သက်ဆိုင်ရာအဖွဲ့အစည်းများကို အသိပေးခြင်းမရှိသည့်အတွက် ဖြေရှင်းရန်ပြောဆိုရာမှ ယခုကဲ့သို့ ထိန်းသိမ်းရသည်အထိ ဖြစ်ခဲ့ကြောင်း ဆက်လက်ပြောဆိုသည်။

” သူတို့ကို ကျတော်တို့က ရာသက်ပန်ချုပ်နောင်ထားလို့ ရတာမဟုတ်ပါဘူး။ နှစ်ရှည်လများ လုပ်ရမယ့်လုပ်ငန်းစဉ်လည်း မဟုတ်ပါဘူး။ ဒါကြောင့်ရက်ပိုင်းအတွင်း အမြန်ဆန်ဆုံးစစ်ဆေးပြီးတော့ဆုံးဖြတ်ချမှတ်သွားမှာဖြစ်ပါတယ်။ အချိန်တန်ရင် အမှန်တရားက ကျတော်တို့ ပြောနေတာထက် စစ်ဆေးခံရတဲ့သူတွေထွက်လာပြီဆိုကောင်းကောင်းသိပါလိမ့်မယ်” ဟု ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံက ပြောသည်။

ဗိုလ်နဂါးသည် တော်လှန်ရေးကာလအစက ပုလဲမြို့နယ်၌ အခြေစိုက်ကာ မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)ကို ဖွဲ့စည်းခဲ့သည်။ ထို့နောက် ၂၀၂၂ ခုနှစ်တွင် MRDA မှ တပ်ဖွဲ့ဝင်အချို့နှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၏ လက်အောက်တွင် ယင်းမာပင်ခရိုင်တပ်ရင်းအမှတ် ၃၊၄၊၅၊၆ အဖြစ် ဝင်ရောက်ခဲ့သည်။သို့သော် ဗိုလ်နဂါးသည် MOD ၏ အမိန့်နှင့်ညွန်ကြားချက်များကို မလိုက်နာဘဲ သီးခြားလှုပ်ရှားနေကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် အထက်ပါ တပ်ရင်းလေးခုကို ၂၀၂၃ ဩဂုတ်လဆန်းတွင် MOD က ထုတ်ပယ်ခဲ့သည်။ ထို့နောက် ဗိုလ်နဂါးက BNRA အနေဖြင့် တော်လှန်ရေးကို ဆက်လက်လုပ်ဆောင်နေခြင်းဟု သိရသည်။

တော်လှန်ရေးကာလ လက်နက်ကိုင်အင်အားစုများအကြား မကြာခဏပွတ်တိုက်မှုများကြောင့် အဖွဲ့အစည်းတခုနှင့်တခုကြားမလိုလားအပ်သည့် ပြဿနာများ မဖြစ်ပေါ်စေရေးအတွက် အဆင့်ဆင့်အမိန့်ပေးကွပ်ကွဲမှု (COC )ကို ကောင်းစွာတည်ဆောက်ခြင်းး ၊ ဌာနဆိုင်ရာများအနေဖြင့်လုပ်ထုံးလုပ်နည်းများကို မှန်မှန်ကန်ကန် ဆောင်ရွက်ခြင်း၊ လက်နက်ကိုင်တပ်ဖွဲ့များ လိုက်နာရမည့် ဥပဒေတရပ်ရေးဆွဲ ပြဌာန်းခြင်းများကို ဆောင်ရွက်ရန်လိုအပ်ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ်တဦးက အကြံပြုပြောဆိုသည်။

ဓါတ်ပုံ – ဗိုလ်နဂါး ဦးဆောင်သည့် BNRA တပ်ဖွဲ့ဝင်များကိုတွေ့ ရစဉ်


Comments

Leave a Reply

Your email address will not be published. Required fields are marked *