စစ်ကောင်စီက သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံကို ခေါ်ယူ၍ အကူအညီတောင်း

အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ဆယ်နှစ်တစ်ကြိမ် ကောက်ယူလေ့ရှိသော ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကို နိုင်ငံတဝန်းလုံး ကောက်ယူနိုင်ရေး ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံကို ခေါ်ယူတွေ့ဆုံ၍ မက်လုံးပေး စည်းရုံးကာ အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။

စစ်ကောင်၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် နေပြည်တော်တွင် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံမှ ကိုယ်စားလှယ်များကို ယခုရက်အတွင်း ခေါ်ယူတွေ့ဆုံ၍ သန်းခေါင်းစာရင်းကိစ္စ ဆွေးနွေးခဲ့ကြောင်း ၎င်းတို့ဝါဒဖြန့် သတင်းစာအရ သိရသည်။

ထိုတွေ့ဆုံမှုသည် စစ်ကောင်စီအနေဖြင့် ၎င်းတို့အား ထောက်ခံနေသော အင်အားစုများ၏ အကူအညီကို ရယူခြင်းဖြစ်သလို တစ်ဖက်လှည့်ဖြင့် မက်လုံးပေးကာ စည်းရုံးခြင်း သဘောမျိုးဖြစ်ကြောင်း လေ့လာစောင့်ကြည့်သူများ၏ ထောက်ပြသုံးသပ်ချက်အရ သိရသည်။

“ဒီအဖွဲ့တွေ ကိုယ်တိုင်က အကြမ်းဖက် စစ်တပ်နဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေတယ် ဆိုမှတော့ ဒါတွေက သက်ဆိုင်ရာ လူမျိုးစု၊ ဘာသာရေး အဖွဲ့တွေကို တကယ်ကိုယ်စားပြုရဲ့လား မေးခွန်းထုတ်စရာ ရှိပါတယ်” ဟု စစ်ကိုင်းဒေသခံ နိုင်ငံရေးသမား ကိုစိုးဝင်းဆွေက ပြောသည်။

အဆိုပါ တွေ့ဆုံမှုအတွင်း စစ်ကောင်စီခန့် ဝန်ကြီး ဦးမြင့်ကြိုင်က သန်းခေါင်စာရင်း ကောက်ယူရန် ကျန်ရှိနေသူများ၊ Unique ID နံပါတ်ရရှိခြင်း မရှိသေးသူများအား ၎င်းတို့နှင့် ဆက်သွယ်နိုင်ရေး အသိပေးတိုက်တွန်း နှိုးဆော်ပေးရန် တက်ရောက်လာသူများကို အကူအညီတောင်း ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့အပြင် သန်းခေါင်းစာရင်း ကောက်ယူခြင်းသည် ၎င်းတို့ ကျင်းပရန် ရည်ရွယ်ထားသော ရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်စွာ ပြုစုနိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဆိုသည်။

“သူတို့ သတ်မှတ်ထားတဲ့ ကောက်ယူကွက်တွေ မပြည့်စုံဘူး။ ကျန်တာ ရက်တိုးကောက်မယ်လို့ ပြောပါတယ်။ ပြီးတာ ဘယ်လောက်ရာခိုင်နှုန်း၊ ကျန်တာ ဘယ်လောက်ရာခိုင်နှုန်းဆိုတာ မတွေ့သေးပါ” ဟု အမည်မဖော်လိုသူ လေ့လာစောင့်ကြည့်သူ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် သန်းခေါင်စာရင်း ကောက်ယူမှုကို စာရင်းစစ်၊ စာရင်းကောက် ၄၂၀၀၀ ခန့်ဖြင့် ပြီးခဲ့သည့် အောက်တိုဘာ (၁) ရက်မှ (၁၅) ရက်အထိ (၁၅) ရက်ကြာ ကောက်ယူခဲ့ပြီး ကျန်ရှိခဲ့သူများအား အောက်တိုဘာ (၃၁) ရက်အထိ ဆက်လက်ကောက်ယူမည်ဟု စစ်ကောင်စီက အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ထိုသန်းခေါင်စာရင်းကို ရွေးကောက်ပွဲ ပြုလုပ်၍ ထွက်ပေါက်ရှာချင်သဖြင့် အကောက်ပြ သဘောမျိုး လုပ်နေခြင်းဖြစ်ပြီး ၎င်းတို့ ထိန်းချုပ်ထားနိုင်သည့် ဒေသတချို့တွင်သာ ကောက်ယူနိုင်ကာ နယ်ဘက်ရှိ ကျေးရွာများတွင်မူ စစ်ကြောင်းထိုး၍ သတ်ဖြတ်နေဟု ကိုစိုးဝင်းဆွေက ပြောသည်။

“စာရင်းတွေက ဘယ်လောက်မှန်နိုင်လဲ ဆိုရင်တော့ နာဂစ်တုန်းကဆိုလဲ သိတဲ့အတိုင်းပဲ ဒီလောက် နာဂစ်မုန်တိုင်းဖြစ်ပြီးတော့ လူတွေသိန်းနဲ့ သန်းနဲ့ချီပြီးတော့ သေနေတာတောင်မှ ၂၀၀၈ အခြေခံ ဥပဒေကြီးကို အတည်ပြုတယ်။ ဘယ်သူမှ မဲလာထည့်တာမဟုတ်ဘူး“ ဟု ၎င်းက ဆက်လက်ပြောသည်။

စစ်ကောင်စီသည် သန်းခေါင်စာရင်းကို နိုင်ငံတကာ အကူအညီမရှိဘဲ ဒေါ်လာသန်းချီသုံး၍ ကိုယ်ထူကိုယ်ထ လုပ်ဆောင်ကာ ကွန်ပျူတာ အထောက်အကူပြု လူတစ်ဦးချင်း ကောက်ယူသည့်စနစ် (CAPI) နည်းပညာဖြင့် Mobile Tablet များ အသုံးပြုပြီး ယခင်ထက် မေးခွန်းပုံစံ တိုးမြှင့်ကောက်ယူခဲ့ကြောင်း သိရသည်။

ထို့အပြင် ၎င်းတို့အနေဖြင့် ပြည်သူများ၏ ဖြေကြားချက်နှင့် အချက်အလက်များကို လုံခြုံစိတ်ချမှု ရှိစေရန်၊ ဘက်လိုက်သော ခန့်မှန်းမှုများ မရှိစေရန်အတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ထားသော်လည်း ပြည်သူများက ထိုအပေါ် ယုံကြည်မှု မရှိဘဲ စိုးရိမ်ပူပန်နေကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *