မန္တလေးမြို့ပေါ်တွင် ဒေါက်တာတေဇာစန်း ဦးဆောင်ပြီး ပြည်သူများ “ဘူး” သပိတ် လှုပ်ရှားမှု အရှိန်မြှင့် လုပ်ဆောင်ရန် ဆန္ဒပြ

မန္တလေးမြို့ပေါ်တွင် ဒေါက်တာတေဇာစန်း ဦးဆောင်ပြီး ပြည်သူများ “ဘူး” သပိတ် လှုပ်ရှားမှု အရှိန်မြှင့် လုပ်ဆောင်ရန် ဆန္ဒပြခဲ့ကြောင်း သိရသည်။

တော်လှန်ရေး စတင်တည်းက လူထုတရပ်လုံး စွဲကိုင်ခဲ့သော လူထု CDM နှင့် “ဘူး” သပိတ် (Boycott and Social Punishment) လှုပ်ရှားမှုများကို ယခု ချိန်မှာ အစွမ်းကုန် အရှိန်တင်ကြရန် လိုအပ်ကြောင်း၊ “ဘူး” သပိတ်မှာ ပြည်သူများ နားလည်သဘောပေါက်ကြပြီး ဖြစ်သော အကြမ်းဖက်စစ်အုပ်စုကို ပြည်သူတွေအားလုံးက လက်မခံ “ဘူး”၊ မပူးပေါင်း “ဘူး”၊ မနာခံ “ဘူး” ၊ အခွန်အခ မပေး “ဘူး” ၊ စစ်တပ်ပိုင် ကုန်စည်နှင့် ဝန်ဆောင်မှုများ ကို မသုံး “ဘူး”၊ မဝယ် “ဘူး”၊ မသယ် “ဘူး”၊ မရောင်း “ဘူး” ၊ ဖက်ဆစ်တပ်ထောက်တိုင်တွေကို လက်မခံ “ဘူး” အစရှိသည်တို့ ဖြစ်ကြောင်း သိရှိရသည်။

ဖက်ဆစ် စစ်တပ် ကြံစည်နေသော အတုအယောင် ရွေးကောက်ပွဲကို လက်မခံ “ဘူး” ၊ မဲ ထွက်မပေး “ဘူး” အစရှိသဖြင့် လူထုအနေနဲ့ “ဘူး” တလုံးဆောင်ကာ စစ်အာဏာရူးကို သွေးပျက်ခြောက်ခြားအောင် ထိုးနှပ်ခြင်းဖြစ်ကြောင်း၊ လက်နက်ကိုင်နိုင်မှ တော်လှန်ရေးသမား မဟုတ်ဘဲ တော်လှန်ရေးနယ်မြေ၊ လွတ်မြောက်နယ်မြေများရောက်မှ တော်လှန်ရေးသမား မဟုတ်ကြောင်း၊ မြို့ပြ ကျေးလက် ပြည်တွင်း ပြည်ပ မည်သည့် နေရာမဆို အသက်အရွယ်မရွေး ကျားမ မရွေး ပြည်သူအားလုံး တော်လှန်ရေးသမားများဖြစ်ပြီး ပြည်သူတစ်ဦးတစ်ယောက်မကျန် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်နိုင်သော “ဘူး” သပိတ် ကိုင်ဆွဲပြီး ဖက်ဆစ်တပ်ကို အပြီးတိုင် ဖြိုလှဲကြရမည်ဖြစ်ကြောင်း သိရသည်။

တစ်လှိုင်းပြီး တစ်လှိုင်း အရှိန်မြှင့်လာသော စစ်ရေးတိုက်ပွဲနှင့် ဟန်ချက်ညီစွာ လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှုများကိုလည်း ရွက်ကုန်လွှင့် ဖော်ဆောင်ကြမည်ဖြစ်ကြောင်း၊ ပြည်သူများအားလုံး စစ်အာဏာရူးများကို “ငုံ့မခံဘဲ တုံ့ပြန်” ကာ အထွေထွေ အာဏာဖီဆန် အုံကြွတော်လှန်ကြရန်လိုကြောင်း ဒေါက်တာတေဇာစန်း က ပြောဆိုသည်။

“ဂန္ထဝင်မြို့ကြီးက တော်လှန်တိုက်ပွဲများ”

ဒီဓာတ်ပုံလေးတွေကတော့ အခုရက်တွေမှာ ကျနော်နဲ့ ရဲဘော်ရဲဘက်တွေ မြို့ပြည်သူတွေ ရွှေမန်းမြို့လယ် တနေရာမှာ ဖော်ဆောင်ကြတဲ့ လူထုတိုက်ပွဲလှုပ်ရှားမှု မြင်ကွင်းအချို့ ဖြစ်ပါတယ်။

ကျနော်တို့ ပြည်သူတွေ၊ ကျနော်တို့ ရွှေမန်းသူ ရွှေမန်းသားတွေရဲ့ တော်လှန်စိတ်ကတော့ အံ့ဩဖို့ကောင်းလောက်အောင် ထက်သန်မြဲ၊ ပြင်းပြဆဲဗျို့။ “ငါတို့ မဖြစ်မနေ လွတ်မြောက်မှ ရမယ်” လို့ စိတ်နှလုံး ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားပြီးဖြစ်တဲ့ လူထုရဲ့ တော်လှန်စိတ်ကို ဘယ်အရာ၊ ဘယ်အကြောက်တရားကမှ ဟန့်တားနိုင်တော့မှာ မဟုတ်ပါဘူး။

ကျနော်တို့ အညာမြေ မြို့ရွှေမန်းဟာ ပြည်သူ့နွေ​ဦးတော်လှန်ရေး ခရီးကြမ်းကြီးမှာ မြို့သူမြို့သားတွေရဲ့ စုစည်းညီညွတ်အားနဲ့အတူ မယိုင်မလဲ ခိုင်မြဲစွာ ချီတက်နေကြပါတယ်။ ကျနော်လည်း “အရေးတော်ပုံ တပ်သား” တဦးအနေနဲ့ မြို့လူထုနဲ့အတူ လူထုတိုက်ပွဲတွေ ဖော်ဆောင်နေပါတယ်။

ဒီနေရာမှာ ကျနော်တို့ တော်လှန်​ရေးကြီး အမြန်ဆုံး အောင်ပွဲဆင်နိုင်ဖို့အရေး အထူးအရေးကြီးတာတခုကို အလေးအနက် တင်ပြပြောဆိုလိုပါတယ်။

ဒီပွဲကို စောစောသိမ်းနိုင်ဖို့ဆိုရင် စစ်ရေးတိုက်ပွဲများနဲ့အတူ လူထုတိုက်ပွဲ၊ လူထုအုံကြွမှု၊ အထွေထွေ အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ဖို့ အထူးလိုအပ်ပါတယ်။ ကျနော်တို့ တော်လှန်ရေးကြီးက စစ်ရေးနည်းနာတခုတည်းကို လုံးလုံးလျားလျား အားပြုထားလို့ မရပါဘူး။ စစ်ရေးနဲ့အတူ လူထုတရပ်လုံး ပါဝင်ဆင်နွှဲနိုင်တဲ့ လူထုတိုက်ပွဲ၊ လူထုအုံကြွလှုပ်ရှားမှုကြီးတွေကို အရှိန်တိုးမြှင့် ဖော်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ဒီခရီး ပိုနီးပါလိမ့်မယ်။

အထူးသဖြင့် တော်လှန်ရေးကြီး စကတည်းက လူထုတရပ်လုံး စွဲကိုင်ခဲ့တဲ့ လူထု CDM နဲ့ “ဘူး” သပိတ် (Boycott and Social Punishment) လှုပ်ရှားမှုများကို အခုချိန်မှာ အစွမ်းကုန် အရှိန်တင်ကြဖို့ လိုနေပါပြီ။

“ဘူး” သပိတ် လို့ဆိုရင် ပြည်သူများ နားလည်သဘောပေါက်ကြပြီး ဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုကို ငါတို့ ပြည်သူတွေအားလုံးက-

– လက်မခံ “ဘူး”၊ မပူးပေါင်း “ဘူး”၊ မနာခံ “ဘူး”

– အခွန်အခ မပေး “ဘူး”

– စစ်တပ်ပိုင် ကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို မသုံး “ဘူး”၊ မဝယ် “ဘူး”၊ မသယ် “ဘူး”၊ မရောင်း “ဘူး”

– ဖက်ဆစ်တပ်ထောက်တိုင်တွေကို လက်မခံ “ဘူး” အစရှိသဖြင့်မှသည်

ဖက်ဆစ်တပ် အခုကြံစည်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံ “ဘူး”၊ မဲ ထွက်မပေး “ဘူး” အစရှိသဖြင့် လူထုအနေနဲ့ “ဘူး” တလုံးဆောင်ကာ စစ်အာဏာရူးကို သွေးပျက်ခြောက်ခြားအောင် ထိုးနှပ်ကြဖို့ပါ။

ကျနော်တို့ လူထုကို အမြဲတင်ပြသလိုပါပဲ။ လက်နက်ကိုင်နိုင်မှ တော်လှန်ရေးသမား မဟုတ်ပါဘူး။ တော်လှန်ရေးနယ်မြေ၊ လွတ်မြောက်နယ်မြေမှာ နေမှ တော်လှန်ရေးသမား မဟုတ်ပါဘူး။ မြို့ပြ ကျေးလက် ပြည်တွင်း ပြည်ပ ဘယ်မှာပဲနေနေ အသက်အရွယ်မရွေး ကျားမ မရွေး ပြည်သူအားလုံး တော်လှန်ရေးသမားတွေ ဖြစ်ရပါမယ်။ ပြည်သူတဦးတယောက်မကျန် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်နိုင်တဲ့ “ဘူး” သပိတ် ကိုင်ဆွဲပြီး ဖက်ဆစ်တပ်ကို အပြီးတိုင် ဖြိုလှဲကြမယ်ဗျာ။

တလှိုင်းပြီး တလှိုင်း အရှိန်မြှင့်လာတဲ့ စစ်ရေးတိုက်ပွဲနဲ့ဟန်ချက်ညီစွာ လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှုများကိုလည်း ရွက်ကုန်လွှင့် ဖော်ဆောင်ကြမယ်ဗျာ။ ကျနော်တို့ ပြည်သူများအားလုံး စစ်အာဏာရူးတွေကို “ငုံ့မခံဘဲ တုံ့ပြန်” ကာ အထွေထွေ အာဏာဖီဆန် အုံကြွတော်လှန်ကြဖို့ပဲ ဖြစ်ပါတယ်။

———-

“ကျုပ်တို့ ဒူးထောက်နေလို့သာ ကြီးကျယ်သူတွေ ကြီးကျယ်နေကြတာပါ။ ကိုင်း၊ ကျုပ်တို့အားလုံး ရုန်းထွက်၊ နိုးထကြစို့။”

(ပီ-‌ဂျေ ပရိုဒွန်)

The great are only great because we are on our knees. Let us rise!

(Pierre-Joseph Proudhon)

ဘူးသပိတ်ကိုင်ဆွဲဖက်ဆစ်ဖြိုလှဲ

တက်စုံဖွင့်ရွက်ကုန်လွှင့်

ငုံ့မခံနဲ့တုံ့ပြန်

လူထုတိုက်ပွဲ

အရေးတော်ပုံ အောင်ရမည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *

https://www.vultr.com/?ref=9641381-9J