၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်တွင် စစ်ကောင်စီက လေကြောင်းမှ အလုံးအရင်းဖြင့် စစ်ဆင်မည်ဟု သတင်းရ

၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်တွင် စစ်ကောင်စီက လေကြောင်းမှ အလုံးအရင်းဖြင့် စစ်ဆင်မည်ဟု သတင်းရဟု ရှမ်းမြောက် သတင်းရင်းမြစ်ပြော

တရုတ်အစိုးရနှင့် စစ်ကောင်စီ၏ ဖိအားကို MNDAA၊ TNLAနှင့် KIA တို့ အတူလက်တွဲရင်ဆိုင်ပြီး စစ်အာဏာရှင်စနစ် တိုက်ထုတ်ရေး အရှိန်မလျှော့ရန်လိုဟု တိုက်တွန်း

ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းတပ်မတော်(TNLA)နှင့် ရက္ခိုင့်တပ်တော်(AA) ညီနောင်မဟာမိတ် သုံးဖွဲ့ ဦးဆောင်ပြီး ဖော်ဆောင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးသည် မနက်ဖြန် အောက်တိုဘာ ၂၇ရက်တွင် တစ်နှစ်ပြည့်မည်ဖြစ်ရာ ယနေ့ညနှင့် မနက်ဖြန်တွင် စစ်ကောင်စီက လေကြောင်းစစ်ဆင်ရေးကို အင်အားအလုံးအရင်းဖြင့် ပြုလုပ်မည်ဟု သတင်းရရှိထားဟု ရှမ်းမြောက် သတင်းရင်းမြစ်က ပြောသည်။

စစ်တပ်အာဏာသိမ်းမှု ၉၉၉ ရက်မြောက်နေ့ဖြစ်သည့် ၂၀၂၃ အောက်တိုဘာ ၂၇ရက် မနက်အစောတွင် ညီနောင်သုံးဖွဲ့ဦးဆောင်သည့် မဟာမိတ်တပ်များသည် ကိုးကန့်ဒေသ၊ တအာင်းဒေသ အပါအဝင် ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်းအများအပြားကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ လအနည်းငယ်အတွင်း မြို့ပေါင်း ၂၀ ဝန်းကျင်၊ စစ်ကောင်စီတပ်စခန်း ရာချီ သိမ်းပိုက်နိုင်ခဲ့သည်။

၂၀၂၄ ဇန်နဝါရီတွင် ညီနောင်သုံးဖွဲ့နှင့်စစ်ကောင်စီတို့ တရုတ်နိုင်ငံ၏ ဖိအားကြောင့် အပစ်ရပ်စဲခဲ့သော်လည်း စစ်ကောင်စီတပ်က စစ်ပြင်ဆင်ခြင်း၊ လေကြောင်း တိုက်ခိုက်ခြင်း အပါအဝင် အပစ်ရပ်စဲရေးစာချုပ် ချိုးဖောက်သည်ဟုဆိုကာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို ယခုနှစ်ဇွန်လ၂၅ရက်တွင် ပြန်လည်စတင်ခဲ့ရာ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) အခြေစိုက်ရာ လားရှိုးမြို့ကို MNDAAက သိမ်းပိုက်ခဲ့ပြီး နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ သီပေါ၊ ကျောက်မဲမြို့များကို TNLAက သိမ်းပိုက်ခဲ့သည်။

ထိုသို့ ရမခ စစ်တိုင်းနှင့် မြို့ရွာများဆုံးရှုံးခဲ့ရသည့် စစ်ကောင်စီတပ်သည်ဩဂုတ်လကုန်မှစ၍ လားရှိုးမြို့ အပါအဝင် MNDAA၊ TNLA ထိန်းချုပ်ဒေသများကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့၍ အရပ်သား ပြည်သူများစွာ သေဆုံးခဲ့ရသည်။

အောက်တိုဘာ ၂၅ရက် တစ်ရက်အတွင်း လားရှိုးမြို့ကို လေကြောင်း တိုက်ခိုက်မှု ၆ကြိမ်ပြုလုပ်ခဲ့ရာ အရပ်သား ပြည်သူသေဆုံးထိခိုက်မှု ထပ်တိုးခဲ့သည်။ ထို့ပြင် ယမန်နေ့ညကလည်း သိန္နီမြို့ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့သည်။ ယမန့် လားရှိုးနှင့် သိန္နီလေကြောင်း တိုက်ခိုက်ခံရမှုတွင် ပြည်သူ အနည်းဆုံး ၁ဦးသေဆုံးကာ ၆ဦး ဒဏ်ရာရရှိကာ ဒဏ်ရာ ပြင်းထန်သူများ ပါဝင်သည်ဟု လားရှိုးဒေသ သတင်းရင်းမြစ်က ပြော
သည်။

“ဒီညတော့ ဆယ်စီးလောက် တက်မယ်ကြားထားတယ်။ မနက်ဖြန် ၁၀၂၇ တစ်နှစ်ပြည့်မှာလေ။ မနက်ဖြန်လဲ ကြဲမယ်ကြားတယ်” ဟုလားရှိုးဒေသခံ သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီအနေဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ဩဂုတ်လလယ်တွင် တွေ့ဆုံပြီးနောက် MNDAA၊ TNLA၊ KIA နယ်မြေများကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ တိုးလုပ်လာသည်။စစ်ကောင်စီက လေကြောင်း စစ်ဆင်ရေးဖြင့် စစ်ရေးအရ ဖိအားပေးပြီး MNDAAကို လားရှိုးမှ ဆုတ်ခွာရန် ဆောင်ရွက်နေသကဲ့သို့ တရုတ်အစိုးရကလည်း MNDAAကို ဖိအားပေးကာ လားရှိုးမှာ ဆုတ်ခွာစေခိုင်းနေသည်ဟု သတင်းရင်းမြစ်က ပြောသည်။

တရုတ်အစိုးရ အနေဖြင့် ၁၀၂၇ စ်ဆင်ရေးတွင် ညီနောင်မဟာမိတ်တပ်များကို ထောက်ပံ့မှု လုပ်ဆောင်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသော်လည်း လက်ရှိတွင် စစ်ကောင်စီဘက် ရပ်တည်ကာ တိုင်းရင်းသားတပ်ဖွဲ့များကို ပြန်လည် ဖိအားပေးနေခြင်းဖြစ်သည်ဟု စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က ပြောသည်။

“ဥပမာ တစ်ခုပြောရမယ်ဆိုရင် ပန်ဆန်းမြို့နယ် ဖိုင်ကောင်းကျေးရွာနားက နယ်စပ်ပေါက်ကနေ ၁၀၂၇ ဒုတိယ လှိုင်းစတင်ချိန်မှာ တရုတ်အစိုးရက လက်နက်ခဲယမ်းတွေ MNDAAကို ကူညီပို့ဆောင်ပေးခဲ့တယ်ဆိုတာ ခိုင်မာတဲ့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်ကနေ သိထားပါတယ်” ဟု၎င်းက ပြောသည်။

လက်ရှိတွင် တရုတ်အစိုးရသည် KIA၊ MNDAနှင့် TNLA တို့ကို နယ်စပ်ဂိတ်များ ပိတ်ခြင်း၊ ခြိမ်းခြောက်ခြင်းစသည် နည်းမျိုးစုံဖြင့် ပြန်လည်ဖိအားပေးလျက်ရှိသည်ဟုဆိုသည်။ တရုတ်၏ ဖိအားကြောင့် MNDAA လားရှိုးမှ ဆုတ်ခွာခြင်းအပါအဝင် တိုင်းရင်းသားတပ်များ နယ်မြေဆုတ်ခွာပေးရမှု များဖြစ်လာနိုင်သည်ဟုလည်း ဦးဇော်ဆန်က သုံးသပ်သည်။

“TNLA၊ KIA၊ MNDAA ဒီသုံးဖွဲ့ထဲက တစ်ဖွဲ့ဖွဲ့နယ်မြေ ဆုတ်ခွာပေးတာနဲ့ ကျန်တဲ့ နှစ်ဖွဲ့လည်း ဆက်ထိလာမှာပဲ။ဒါကို သုံးဖွဲ့လုံးက ခေါင်းဆောင်တွေ သိရှိဖို့လိုတယ်။ ကိုယ့်အဖွဲ့ နိုင်ရင်ပြီးရော ဆိုပြီး မရဘူး။ ပထဝီဝင်နိုင်ငံရေးအရ ရှမ်းမြောက်က ဖက်ဒရယ် ပြည်နယ် ထူထောင်မှ ရမှာပါ” ဟု ဦးဇော်ဆန်က ပြောသည်။

လက်ရှိ အခြေအနေတွင် စစ်ကောင်စီက တရုတ်အားကိုးဖြင့် ရှမ်းမြောက်ဒေသ စစ်ရေးဗျူဟာအရ အရေးကြီးသည့် လားရှိုး၊မူဆယ် ၁၀၅မိုင်၊ နမ့်ဖက်ကာကျေးရွာ၊ နောင်ချိုမြို့များ ပြန်ရရေး ကြိုးပမ်းနေသည်ဟု ၎င်းက သုံးသပ်သည်။ လားရှိုးနှင့် မူဆယ် ၁၀၅မိုင်ကို AA နှင့် MNDAAက ထိန်းချုပ်ထားပြီး နမ့်ဖက်ကာကို KIA၊ နောင်ချိုကို TNLA တို့က ထိန်းချုပ်ထားခြင်းဖြစ်သည်။

“ဒါကြောင့် အထက်ပါနေရာများရှိ ပြည်သူများ စကစရဲ့ လေကြောင်း သတင်းကို အထူးသတိပြု နေထိုင်သင့်ပါတယ်” ဟု ဦးဇော်ဆန်က အကြံပြုသည်။

မတူကွဲပြားသည့် သဘောထားအမြင်၊ဘာသာရေး၊ လူမျိုး၊ လက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးပါတီ၊ ယဉ်ကျေးမှု အားလုံးအတူတကွ အေးအတူ ပူအမျှ လက်တွဲ နေထိုင်နိုင်မည့် နည်းလမ်းကို စဉ်းစားရန်လိုအပ်သည်ဟုလည်း ၎င်းက ပြောသည်။

“အဓိကမြန်မာနိုင်ငံကစစ်အာဏာရှင်စနစ်ကို အပြီးသတ် တိုက်ဖို့ လက်နက်ကိုင်အဖွဲ့အားလုံး အရှိန်မလျှော့ဘဲ အစွမ်းကုန် တိုက်ဖို့လိုပါတယ်”ဟုဦးဇော်ဆန်က ပြောသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *

https://www.vultr.com/?ref=9641381-9J