အင်တာနက်ပိတ်ထားမိသည့် စစ်ကောင်စီလည်း Starlink သုံးနေရ

ပင်လည်ဘူးရှိ စစ်ကောင်စီတပ်သားများထံ ရဟတ်ယာဉ်ဖြင့် ပို့ပေးသော Starlink စက် နှင့် လက်နက်များ တော်လှန်ရေးအင်အားစုထံ ရောက်သွားသည်ဟု ဆိုသည်။

နိုင်ငံတွင်း ဒေသအများအပြားကို အင်တာနက်ဆက်သွယ်ရေး ဖြတ်တောက်ထားသည့် စစ်ကောင်စီလည်း ၎င်း၏တပ်များ ဆက်သွယ်ရေး အဆင်ပြေနိုင်ရန်အတွက် Starlink ဂြိုဟ်တုအင်တာနက် သုံးနေကြောင်း အထောက်အထား မကြာသေးမီက ပေါ်ပေါက်လာသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေစဉ်ကာလအတွင်း စစ်ရဟတ်ယာဉ်က ပင်လည်ဘူးရဲစခန်းသို့ ချပေးသော အထုပ်များ ထိုစခန်းကို ဝိုင်းထားသည့် တော်လှန်ရေးအင်အားစုထံ ရောက်သွားရာ ထိုအထုပ်များထဲတွင် ကျည်ဆန်အများအပြား ၊ အီနာဂါဗုံးသီးများနှင့် ဆက်သွယ်ရေးစက် တချို့အပြင် Starlink ဂြိုလ်တု အင်တာနက်စက်တစ်လုံးပါဝင်နေခြင်း ဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“လာချပေးတာတော့ ရဲစခန်းထဲကို လာချပေးတာ။ Mi- 17နဲ့လာပို့တာဆိုတော့ အောက်ကနေ လေယာဥ်ပစ် စက်သေနတ်နဲ့ ပစ်တော့ ရဲစခန်းထဲ မချနိုင်ဘဲ ချလို့ရတဲ့နေရာချပေးခဲ့တာ” ဟု Guerilla Ranger တပ်ဖွဲ့ ခေါ် ယင်းမာပင်ခရိုင် PDF အမှတ် (၁၂) တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ဆိုသည်။

“စခန်း ပတ်ပတ်လည်မှာလည်း ဝိုင်းထားတော့ (ပစ္စည်း) အားလုံးကို ရလိုက်တာ”

နှစ်လနီးပါး အပြင်းအထန် ဖြစ်ပွားခဲ့သည့်၊ အောက်တိုဘာလ ၈ ရက်တွင် မြို့ကို သိမ်းပိုက်နိုင်ခဲ့သည့် ထိုတိုက်ပွဲတွင် ရရှိသည့်စက်သည် အနည်းငယ်အက်နေသော်လည်း ပြန်ပြုပြင်ပြီးနောက် အသုံးပြု၍ ရနေကြောင်း အထက်ပါပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် အင်တာနက်ဖြတ်တောက်ခံရသည့်ဒေသများတွင် Starlink ဂြိုလ်တုအင်တာနက်သည် တော်လှန်ရေးတပ်များနှင့် ဒေသခံများအတွက် အားကိုးရာဖြစ်လာခဲ့သည်။

Starlink ကို အမေရိကန်နိုင်ငံသား ကမ္ဘာ့အချမ်းသာဆုံးသူဌေးတစ်ဦးဖြစ်သူ အီလွန်မက်စ် ၏ အာကာသ စူးစမ်းလေ့လာရေးကုမ္ပဏီ (SpaceX) က ပိုင်ဆိုင်သည်။

စစ်ကောင်စီတပ်ကို လက်နက်ကိုင် ခုခံအားကောင်းရာ စစ်ကိုင်း၊ မကွေး၊ ကယား (ကရင်နီ)၊ ကရင် ၊ ရခိုင်ပြည်နယ်အထိပါ Starlink ကို ခက်ခဲစွာ သယ်ယူသုံးစွဲနေကြရာ အဆိုပါစက်တန်ဖိုးသည် ကျပ်သိန်းရာဂဏန်းအထိ ပေါက်ဈေးရှိနေသည်ဟု သိရသည်။

တော်လှန်ရေးအင်အားစု ထိန်းချုပ်သည့် ဒေသများတွင် Starlink အင်တာနက်စက် ပိုင်ဆိုင်ပြီး လစဉ်ကြေး ဆက်သွယ်ပေးသွင်းနိုင်သူတို့က အခကြေးငွေယူပြီး အင်တာနက်ဝန်ဆောင်မှု ပေးနေသည်။ Starlink အင်တာနက်သုံးလျှင် Facebook အပါအဝင် စစ်ကောင်စီ ပိတ်ထားသည့် အင်တာနက် စာမျက်နှာများကို ကြည့်ရှုနိုင်မည် ဖြစ်သည်။

ဆက်သွယ်ရေးအင်တာနက် ဝင်ဆောင်မှု တစ်ခုခု လုပ်ဆောင်မည်ဆိုပါက ၎င်းတို့ထံ လိုင်စင်လျှောက်ရန် လိုပြီး တရားမဝင် ဝန်ဆောင်မှုပေးခြင်း ၊ တပ်ဆင်သုံးစွဲခြင်းများပြုလုပ်ပါက ဆက်သွယ်ရေး ဥပဒေ ပုဒ်မ (၆၇) နှင့် အညီတရားစွဲမည်ဟု စစ်ကောင်စီ၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

ယင်းမာပင်ခရိုင် အမှတ် (၁၂) တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူကမူ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကာလ တွင် စစ်ကောင်စီဘက်က ဖိုက်ဘာအင်တာနက်လိုင်းပါ ဖြတ်တောက်ထားကြောင်း၊ ပင်လည်ဘူးရဲစခန်း အတွင်းရှိ ဆက်သွယ်ရေးစက်သည်လည်း ပျက်စီးနေကြောင်း ပြောသည်။

စစ်ကောင်စီတပ်သည် အဝိုင်းခံထားရသည့် တပ်ဖွဲ့ဝင်များနှင့် အဆက်အသွယ်ရရန် Starlink စက်၊ ဆက်သွယ်ရေးစက်တို့ကို ရဟတ်ယာဉ်ဖြင့် ပို့ပေးခြင်းဖြစ်နိုင်ကြောင်း ယင်းမာပင်ခရိုင် အမှတ် (၁၂) တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူက မှတ်ချက်ပေးသည်။

စစ်ကောင်စီတပ် ပစ်မှတ်ထား တိုက်ခိုက်သည့်အထဲတွင် အင်တာနက်အသုံးပြုသူများ စုဝေးနေတတ်သည့် နေရာလည်း ပါဝင်သည်ဟု သိရသည်။

လေကြောင်းတိုက်ခိုက်မှုများ ဖြစ်လာနိုင်သည်ဟု ယူဆသဖြင့် ဒေသတချို့တွင် တော်လှန်ရေးအဖွဲ့များက Starlink အင်တာနက်အသုံးပြုမှုကို ကန့်သတ်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *

https://www.vultr.com/?ref=9641381-9J