အမ်းမြို့ပေါ်ရပ်ကွက်၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် စစ်ကောင်စီတပ် ဝင်ရောက်နေရာယူ

တိုက်ပွဲများ ဖြစ်ပွားနေသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ အမ်းမြို့တွင် မြို့ပြင် တပ်စခန်းများကို လက်လွှတ် ဆုံးရှုံးလာသောကြောင့် စစ်သားများသည် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်အတွင်း အရေးပါသည့် နေရာအချို့တွင် ဝင်ရောက်နေရာယူမှုများ ပြုလုပ်လာသည်ဟု သတင်းရရှိပါသည်။

မြို့ပြင်တပ်စခန်းများအားလုံးနီးပါးကို AA သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီစစ်ရေးအရ ယခုလို မြို့ပေါ် ရပ်ကွက်နဲ့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတို့ကို ဝင်ရောက်နေရာယူလာပြီး ဒေသခံများကို လူသားဒိုင်းကာအဖြစ် အသုံးပြုလာသည်ဟု စစ်ရေးစောင့်ကြည့်သူ အမ်းဒေသခံတစ်ဦးမှ ပြောကြားသည်။

ဒေသခံတစ်ဦး “အောက်တိုဘာ ၂၄ ရက် ညနေကတည်းက ဧည့်စာရင်းလာစစ်တယ်။ ပြီးတော့AA ကို ထမင်းပို့တဲ့သူ ထမင်းချက်ပေးတဲ့သူနဲ့ ထောက်ပို့လုပ်နေသူကို လာရှာတယ်။ ပြီးတော့ သူတို့က အရင်လို့ အမ်းမြို့နေ ပြည်သူတွေနဲ့ ဆက်ဆံရေမတူတော့ဘူး။ ပြောင်းလဲသွားတယ်။ မိုက်ရိုင်း ဆဲဆိုမှုတွေကို ပြုလုပ်တယ်။ ရပ်ကွက်နေသူများကို အခုဘယ်မှမသွားရဘူး။ သူတို့က ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ လမ်းတွေမှာ ၅ယောက်တစ်ဖွဲ့ ၊ ၇ ယောက်တစ်ဖွဲ့ နေကြတယ်”ဟု ပြောသည်။

အာရက္ခတပ်တော် (AA) ၏ ထိုးစစ်ပြင်းထန်နေပြီး တိုက်ပွဲများမှာ မြို့ပေါ် ရပ်ကွက်များအနီးထိ ရောက်ရှိနေပြီး တချို့ မြို့တွင်းနေရာအချို့တွင် ထိတွေ့ တိုက်ပွဲများဖြစ်လာနေသည်ဟု ဆိုသည်။

အမ်းမြို့ပေါ်ရပ်ကွက်များဖြစ်သော ရပ်ကွက် ၃ ၊ ရပ်ကွက် ၄ ၊ ရပ်ကွက် ၅၊ မြို့ဟောင်းရပ်ကွက်၊ လေယာဉ်ကွင်းရပ်ကွက်၊ အမူထမ်းရပ်ကွက်၊ ချင်းပျဉ်းတော၊ အောက်ရွာ၊ ဆင်ဒိုး၊ ဒိုင်ကြီး၊ ဂျင်ကုန်း၊ အင်ကုန်း၊ ပဲပဒုံ စသည်တို့ကို စစ်ကောင်စီမှ ရပ်ကွက်နေပြည်သူများကို ပိတ်ထားပြီး လူ ဒိုင်းကာလုပ်ကာ စစ်ရေးအတွက် ပြင်ဆင်ထားပြီး နေရာယူထားသည်။

BE တပ်နှင့် ၁ မိုင်ကုန်း တွင် နှစ်ဖက် တိုက်ပွဲပြင်ထန်နေပြီး စစ်ကောင်စီမှ ပဲပဒုံးရွာနားနဲ့ အနီးအစပ်ကို လေကြောင်းမှ ဗုံးကြဲ၍ ကျေးရွာနေပြည်သူများမှာ မြို့ပေါ်ရပ်ကွက်နဲ့ နီးစပ်ရာ နေရာများတွင် ရှောင်တိမ်းနေကြရဟု ပြောသည်။

စစ်ကောင်စီမှ မြို့ပြင်ကျေးရွာများကို အမ်းမြို့ပေါ်သို့ ပြောင်းရွှေ့ခိုင်းခဲ့ပြီး လက်ရှိ အမ်းမြို့ပေါ်သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များမှာ မြို့ပြင်သို့လည်း ထွက်ခွင့်မရတော့ရာမှ မြို့ပေါ် ရပ်ကွက်နေ ပြည်သူများနည်းတူ စစ်ကောင်စီ၏ လူသားဒိုင်းကာအဖြစ် ပြုလုပ်ထားခြင်းကို ခံနေကြရသည်ဟု ၎င်းက ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *

https://www.vultr.com/?ref=9641381-9J