စစ်တွေမြို့ပြင်မှ လေယာဉ်ဖြင့် ဗုံးကြဲသံများကို ကြားခဲ့ရပြီးနောက် လက်နက်ငယ်ပစ်ခတ်သံများ ထွက်ပေါ်

ရခိုင်ပြည်၊ စစ်တွေမြို့ပြင်က လေယာဉ်ဖြင့်ဗုံးကြဲသံများကို ကြားရပြီးနောက် လက်နက်ငယ်ပစ်ခတ်သံများကိုလည်း အပြန်အလှန်ကြားခဲ့ရသည်ဟု စစ်တွေမြို့ခံများက နိရဉ္စရာသတင်းဌာနကို ပြောသည်။

ယမန်နေ့ အောက်တိုဘာ ၂၆ ရက်နေ့ ည ၈ နာရီခွဲခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကြဲချခဲ့ပြီး၊ ပါဒလိပ်တပ်ရင်းနှင့် ရွှေမင်းဂံတို့မှ လက်နက်ငယ်များဖြင့် ပစ်ခတ်သံကို ကြားခဲ့ရသည်ဟု ဆိုသည်။

စစ်တွေ ဒေသခံတစ်ဦးက ” အရင်ဆုံးဗုံးချသံကြားပြီးမှ လေယာဥ်သံကြားရတာ။ အရှိန်နဲ့လာပြီး တဟုန်ထိုးပြန်တက်တာ။ ပထမတစ်လုံးက အိမ်တောင်ထိန့်သွားတယ်။ ဗုံး ၂ လုံးချတယ်။ ပြီးတော့ တစ်ခါတည်း ပါဒလိပ်တပ်ရင်းနဲ့ ရွှေမင်းဂံဘက်တွေကလည်း လက်နက်ငယ်တွေနဲ့ ပစ်သံကြားရတာပဲ။ အရင်က တိုက်ပွဲဖြစ်ခဲ့တဲ့ အနီးတဝိုက်မှာဖြစ်နိုင်တယ် ” ဟုပြောသည်။

ယခင်တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာမှာ စစ်တွေမြို့ပြင်ဘက် မင်းလှကျေးရွာတွင်ဖြစ်ပြီး ယခု ပစ်ခတ်မှုကို အဆိုပါ နေရာဘက်က ကြားခဲ့ရသည်ဟု ဆိုသည်။

“ ယခင်တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မင်းလှရွာဘက်လောက်တော့ ဖြစ်နိုင်တယ်။ စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်း အစပ်ရှိကျေးရွာ အနီးတဝိုက်နေရာတွေဖြစ်နိုင်တယ်။ လေယာဉ်နဲ့ ဗုံးချပြီးနောက် လက်နက် ပစ်ခတ်သံတွေကို ၁၀ မိနစ်လောက်ကြားရတယ်။ အပြန်အလှန်ပစ်ခတ်ပုံရတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ယခုကဲ့သို့ ရုတ်တရက် သေနတ်သံများထွက်ပေါ်လာသဖြင့် အထိတ်တလန့် ဖြစ်ခဲ့ရသည်ဟု ဆိုသည်။

“အေအေနဲ့ အပြန်အလှန်တိုက်ပွဲ ၁၀ မိနစ်လောက်ဖြစ်ပုံရတယ်။ စစ်တွေမှာလည်း တစ်နေ့နေ့ တချိန်ချိန် တိုက်ပွဲဖြစ်လာမယ်ဆိုတာတော့ သိနေတယ်။ ဒါပေမယ့် ရုတ်တရက်ကြီးဆိုတော အထိတ်တလန့်နဲ့ ကြောက်သွားတာပေါ့” ဟုပြောသည်။

စစ်တွေမြို့ မြောက်ဘက် မင်းလှကျေးရွာအနီးတွင် ပြီးခဲ့သည့် သြဂုတ် ၂၉ ရက်က အာရက္ခတပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

၎င်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အလောင်း ၃၀ ကျော်နှင့် လက်နက် ၅၀ ကျော် သိမ်းဆည်း ရမိခဲ့သည်ဟုလည်း AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *