ဖလမ်းမြို့အတွင်း စစ်ကောင်စီကတပ်ဖြန့်လာသည့်တွက် ကာကွယ်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်

ချင်းပြည်နယ်၊ ဖလမ်းမြို့အတွင်းခြေကုပ်ယူရန် စစ်ကောင်စီကတပ်ဖြန့်လာသောကြောင့် တိုက်ပွဲ များဖြစ်ပွားခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF) ထံက သိရသည်။

ဖလမ်းမြို့အခြေစိုက် ခလရ(၂၆၈)မှစစ်ကောင်စီတပ်သားများသည့် မြို့တွင်းရှိအချက်ချာကျသောနေရာ များကိုတပ်စွဲရန် စစ်ကြောင်းထွက်လာသောကြောင့် အောက်တိုဘာ ၂၅ နှင့် ၂၆ ရက်နေ့များတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“စကစဖက်က သူတို့တပ်ရင်းထဲမှာမဟုတ်ဘဲ မြို့ထဲနေရာတော်တော်များများမှာ ခြေကုပ်စယူနေတယ်၊ အဲဒါကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာပါ”ဟု CNDF ပြောရေးဆိုခွင့်ရှိသူဆလိုင်းတင်မီထွဋ်ကပြောသည်။

အဆိုပါရက်များမတိုင်မီကလည်း မြို့တွင်း၌ ကြိုးကြားကြိုးကြား တိုက်ပွဲငယ်များဖြစ်ပွားလျက်ရှိသည်ဟု ၎င်းက ဆိုသည်။

၎င်းတို့အနေဖြင့် ချင်းညီနောင်အဖွဲ့(CB)မှချမှတ်ထားသည့်“စစ်ကောင်စီကင်းစင် ချင်းပြည်တခွင်”မူဝါဒ အတိုင်း ၂၀၂၄ ခုနှစ်အတွင်း မြို့ကိုပြန်ယူနိုင်ရေးကြိုးစားသွားမည်ဖြစ်ကြောင်း ဆလိုင်းတင်မီထွဋ်က ဆက်ပြောသည်။

အောက်တိုဘာလ ၂၅ ရက် နံနက်ပိုင်းက ဖလမ်း အထက(၁)တွင် တပ်စွဲရန်လာသော ခလရ(၂၆၈) စစ် ကြောင်းနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့အကြား နှစ်နာရီကျော် တိုက်ပွားဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၆ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့အကြားတိုက်ပွဲ ဆက် လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများအတွင်း ၂၅ ရက်နေ့က အမျိုးသမီးတဦး ခါးတွင်ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး ၂၆ ရက် နေ့တွင် အရပ်သားသုံးဦး စစ်ကောင်စီတပ်ပစ်ခတ်သည့်လက်နက်ကြီးကျည်ထိမှန်ခဲ့၍ အသေးစားဒဏ်ရာ ရရှိခဲ့ကာ လူနေအိမ်များပျက်စီးခဲ့ကြောင်း CNDF တာဝန်ရှိသူကပြောသည်။

တိုက်ပွဲများဖြစ်ပွားချိန်တွင် မြူများအုပ်ဆိုင်းပြီး တဖက်နှင့်တဖက်မမြင်ရလောက်အောင် ရာသီဥတုဆိုး ရွားနေသဖြင့် စစ်ကောင်စီတပ်၏ ထိခိုက်အကျအဆုံးမသိရဘဲ ချင်းကာကွယ်ရေးတပ်ဖွဲ့များဖက်က အထိ အခိုက်မရှိဟု ဆိုသည်။

ဇူလိုင်လအတွင်းက ဖလမ်းမြို့သိမ်းတိုက်ပွဲဆင်နွှဲတော့မည်ဆိုသောသတင်းများကြောင့် ဒေသခံ သုံးပုံတပုံ ခန့် ဟားခါး၊ တီးတိန်၊ စစ်ကိုင်းတိုင်း ကလေးမြို့နယ်နှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ တိမ်းရှောင်သွားခဲ့ကြသည်။

ယခုအခါတိုက်ပွဲများဖြစ်ပွားလာသဖြင့် ဖလမ်းမြို့ခံများ ဆက်လက်ရှောင်တိမ်းလျက်ရှိရာ မြို့တွင် ဒေသခံ သုံးပုံတပုံခန့်သာကျန်ရှိတော့ကြောင်း ချင်းကာကွယ်ရေးသတင်းရင်းမြစ်များအရ သိရသည်။

လက်ရှိ ဖလမ်းမြို့အတွင်းနေထိုင်လျက်ရှိသော ဒေသခံများကို အခြေအနေကြည့်ပြီး သတိဝီရိယဖြင့် လုံခြုံ စွာနေထိုင်ကြပါရန် CNDF ပြောရေးဆိုခွင့်ရှိသူက ၎င်း၏ လူမှုကွန်ရက်တွင် အောက်တိုဘာလ ၂၅ ရက် နေ့က သတိပေးထားသည်။

ဖလမ်းမြို့နယ်အတွင်း ပြည်သူများဘေးကင်းရေးကိုရှေ့ရှု၍ စစ်ရေးဖော်ဆောင်မှုများ မပြုလုပ်ခဲ့သော် လည်း စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဥ်၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ သောကြောင့် ဒေသခံများ သေကြေထိခိုက်သဖြင့် ပြည်သူကိုကာကွယ်ရန်ဖွဲ့စည်းထားသည့် CNO/CNDF အနေဖြင့် စစ်ကောင်စီကိုပြန်လည်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၉ ရက်နေ့က ထုတ် ပြန်ထားသည်။

ယနေ့(အောက်တိုဘာ ၂၇ ရက်)နံနက်ပိုင်းတွင် ဖလမ်းမြို့၌ သေနတ်သံအချို့ကြားရသော်လည်း ထိတွေ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *