၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်ပြီ

၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်ပြီ

ဒီလောက် မြန်ဆန်တဲ့ အောင်မြင်မှုမျိုး ရလိမ့်မယ်လို့ အိမ်မက်တောင်မမက်ဖူးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကြီးဟာ ဒီနေ့ အောက်တိုဘာ ၂၇ရက်နေ့ဆို ၁နှစ်ပြည့်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒီစစ်ဆင်ရေးအတွင်း စတင်ချိန်ကတည်းက ပွဲစဉ်အစကနေ အခုထိ မြို့တိုင်းမဟုတ်ရင်တောင် မြို့တိုင်းနီးပါးအထိ ပါဝင်ပြီး သတင်းရယူခွင့်ရခဲ့တာနဲ့ ဒီလို မြို့သိမ်းတိုက်ပွဲသတင်းအကြောင်းတွေကို စာဖတ်ပရိတ်သတ်တွေစီကို စိတ်ကျေနပ်ရလောက်တဲ့အထိ သတင်းမျိုး မဝေမျှပေးနိုင်ခဲ့ရင်တောင် သတင်းတင်ဆက်ခွင့်ရခဲ့တာကိုပဲ ကိုယ့်ကိုကျေနပ်မိပါတယ်။

နမ့်ဆန်တိုက်ပွဲ

မှတ်မှတ်ရရ ပထမဆုံးသတင်းလိုက်ယူခွင့်ရခဲ့တာက နမ့်ဆန်မြို့ဖြစ်ပါတယ်။ ဒါကလည်း အစီစဉ်က မရှိထားခဲ့။ ရုတ်တရက် သတင်းလိုက်ယူဖြစ်သွားတာမျိုး ဖြစ်ပါတယ်။ အရင်က တိုက်ပွဲကြား သတင်းယူဖူးပေမယ့် မြို့သိမ်းအဆင့်ထိ မယူဖူးသေးတော့ တော်တော်ရင်ခုန်ခဲ့သလို စိုးရိမ်စိတ်လည်း ရှိခဲ့ပါတယ်။

ပထမဆုံးပွဲဦးထွက်မှာဘဲ တော်လှန်ရေးတပ်တွေဘက်က အသာစီးနဲ့ ထိခိုက်မှုနည်းနည်းနဲ့ နမ့်ဆန်မြို့ကို သိမ်းပြီးမှာတော့ နောက်မြို့သိမ်းတွေမှာပါ ထပ်လိုက်ဖို့ စိတ်ဆန္ဒတွေ ပြင်းလာခဲ့ပါတယ်။

နမ့်ဆန်တိုက်ပွဲမှာ စစ်ကောင်စီဘက်က အလစ်ငိုက်ဝင်တိုက်ခံရတာဖြစ်ပြီး ထင်မှတ်မထားတဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် ရက်တိုအတွင်း စစ်ကောင်စီအကုန်လုံးပြိုလဲအောင် တိုက်ထုတ်နိုင်ခဲ့ပါတယ်။ အဲတုန်းက စကစရဲ့ တပ်မမှူးကိုယ်တိုင်ကစ အရပ်သားဝတ်စုံတွေနဲ့ ဝရုန်းသုန်းကားပြေးခဲ့းပြီး နောက်ဆုံးတော့ တစ်ယောက်မကျန်နီးပါးထိ ဖမ်းဆီးရမိခဲ့ပါတယ်။

လေယာဉ်ပစ်လက်နက်၊ ဟောင်ဝစ်ဇာ၊ လက်နက်အများအပြားလည်း ပထမဆုံးအကြိမ်အဖြစ် တောင်ပုံယာပုံလိုမျိုး သိမ်းပိုက်နိုင်ခဲ့မြို့လည်း ဖြစ်ပါတယ်။

မန်တုံတိုက်ပွဲ

နောက်တစ်နေရာကတော့ မန်တုံဖြစ်ပါတယ်။ မန်တုံတိုက်ပွဲဟာ နမ့်ဆန်တိုက်ပွဲဖြစ်ပြီးကတည်းက မန်တုံက စစ်ကောင်စီတပ်တွေဟာ ဒရုန်းကာကွယ်ရေးစခန်း ဂျန်ဘာကို စတင်တပ်ဆင်နေပြီး စခန်းပတ်ပတ်လည်မှာလည်း ထောင်နဲ့ချီတဲ့ မိုင်းတွေ ထောင်ထားခဲ့ပါတယ်။ မိုင်းပေါင်း ၂ထောင်ဆိုပြီးတော့လည်း မန်တုံမှာ နာမည်ကြီးပါတယ်။

မန်တုံမြို့ဟာလည်း နမ့်ဆန်မြို့လိုဘဲ မြို့ကို တော်လှန်ရေးတပ်တွေ လျင်လျင်မြန်မြန်သိမ်းပိုက်နိုင်ခဲ့ပြီး မြို့အပြင်တပ်ကုန်းမှာပဲ ပွဲစာကြန့်ကြာသွားခဲ့ပါတယ်။ အဓိက ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှု၊ မိုင်းနဲ့ ဂျန်ဘာစနစ်ကြောင့် တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်အရှိန်ကို နှေးသွားသလိုဖြစ်သွားစေခဲ့ပါတယ်။

ဒါပေမယ့် နမ့်ဆန်မြို့သိမ်းအပြီး စိတ်ဓာတ်တက်ကြွနေတဲ့ တော်လှန်ရေးတပ်တွေဟာ မိုင်းတွေ လေယာဉ်ပစ်ခံတွေကြား စွန့်စွန့်စားစား နေ့ညမနား ထပ်မံထိုးစစ်ဆင်ခဲ့ပါတယ်။

တစ်ညမှာ အမှတ်မထင် တအာင်းတပ်ဘက်က တပ်သား၇ယောက်ကို စစ်ကောင်စီက အသေရမိထားပြီး အဲဗီဒီယိုဖိုင်ကို စစ်ကောင်စီက အွန်လိုင်းကနေ ပြန်ဖြန့်ခဲ့ပါတယ်။ အဲနောက် တော်လှန်ရေးတပ်တွေ နည်းဗျူဟာပြောင်းပြီး စကစကို ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး ဂျန်ဘာကိုလည်း လက်နက်ကြီးထိအောင် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ဂျန်ဘာပျက်ပြီးနောက် စခန်းကျတော့မယ့် စကစတပ်ဟာ အရပ်သားဝတ်ဆုံတွေ ဝတ်ပြီး မိုင်းကွင်းကြားကနေ ထွက်ပြေးလာကြပါတယ်။ အချို့က မိုင်းနင်းမိသွားကြပြီး အချို့ကတော့ လွတ်မြောက်သွားကြပါတယ်။

နောက်တစ်ရက်မှာတော့ အရပ်ဝတ်နဲ့ အဲစစ်သားတွေကို ပြန်ဖမ်းရမိပြီး စစ်ဆေးမေးမြန်းရာမှာတော့ “ဗျူဟာမှူးကိုယ်တိုင်က တပ်သားတွေ ထွက်မပြေးရအောင် မိုင်းပတ်ပတ်လည်ထောင်ထားကြောင်း၊ ဗျူးဟာမှူးနဲ့ သူ့အပေါင်းပါကတော့ မိုင်းကွင်းလွတ်အောင် လမ်းတလမ်းချန်ထားကြောင့် ဗျူဟာမှုးတို့ အရင်ထွက်ပြေးသွားကြကြောင်း” ပြောပါတယ်။

အဲဒီစခန်းပေါ်သတင်းသွားယူချိန် မိုင်းနင်းမိခဲ့ပေမယ့် ကံကောင်းထောက်မစွာနဲ့ မသေခဲ့တာကိုလည်း ပြန်စဉ်းစားရင် ကိုယ့်ကိုမယုံနိုင်ဖြစ်နေရပါတယ်။ အဲဒီအကြောင်း ရေးသားထားတာက်ု ဖတ်ဖူးသူတွေလည်း ရှိကောင်းရှိနေနိုင်ပါတယ်။

နမ္မတူ

မန်တုံအပြီးမှာတော့ ဆက်တိုက်ဆိုသလိုဘဲ နမ္မတူကို လာခဲ့ပြန်ပါတယ်။ နမ္မတူလာလာခြင်း ကျွန်တော်တို့ကို မိတ်ဆက်တာက ကျည်ဆံဖြစ်ပါတယ်။ ကျွန်တော်တို့က တိုက်ပွဲကြား အရပ်သားဝတ်ဆုံတွေဝတ်ပြီး လာတော့ တော်လှန်ရေးတပ်တွေက ခြောက်လှန့်ပစ်ခတ်တာဖြစ်ပါတယ်။

အဲမှာတင်အတော်ကြာအောင် ပုန်းယူရပြီး အဆက်သွယ်ရခါမှပဲ စိတ်သက်သာရခဲ့ပါတယ်။ နမ္မတူမှာလည်း တိုက်ပွဲဟာ ထင်သလောက်လွယ်ကူတာမျိုးမရှိခဲ့ပဲ ကျဆုံးမှုထက် မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူတွေ များနေခဲ့ပါတယ်။

တပ်မဟာမှူးတွေလည်း အသံဝင်အောင် ပြောနေ၊အမိန့်ပေးနေတာတွေ ကြားနေရပြီး တော်ရုံထိ ခြံစည်းရိုးနားမကပ်နိုင် ဖြစ်ခဲ့းပါတယ်။ များပြားလွန်းလှတဲ့ ဂျန်ဘာတွေကြောင့်လည်း ဒရုန်းကလည်း စစခြင်းအလုပ်မဖြစ်ခဲ့ပါဘူး။ အဲတာနဲ့ လက်နက်ကြီးပစ်ကူမှုနဲ့ပဲ ထိုးစစ်ကို ဆက်သွားခဲ့ပါတယ်။ အဲမှာလည်း တော်ရုံရှေ့မတိုးနိုင်ဘဲ ဖြစ်နေခဲ့ပါတယ်။

ဒါပေမယ့် အမျိုးမျိုးနည်ူဗျူဟာတွေပြောင်းတိုက်ချိန်မှာတော့ ဂျန်ဘာတော်တော်များများကို ဖျက်စီးနိုင်ခဲ့လို့ ဒရုန်းတွေလည်း အလုပ်ဖြစ်သွားခဲ့ပါတယ်။ နမ္မတူတိုက်ယူနေချိန် လောက်ကိုင်မှာလည်း တိုက်ပွဲပြင်းနေတာကြောင့် လေကြောင်းပစ်ကူက ထင်သလောက် လာရောက်ပစ်ကူနိုင်ခြင်းမရှိခဲ့ပါဘူး။

နောက်ဆုံး စခန်းသိမ်းမယ့်နေ့ မနက်ပိုင်း ၃နာရီမှာ စခန်းထဲထိုးဖို့ ဝင်ရောက်ချိန် စကစတွေမရှိတော့တာကို တအံ့တဩဖြစ်ခဲ့ရပါတယ်။ ထိခိုက်သေဆုံးနေသူတွေနဲ့ ဒဏ်ရာရသူတွေကလွဲလို့ ဘယ်သူမှရှိမနေခဲ့ဘဲ ဖြစ်နေခဲ့ပါတယ်။ အကုန်လုံးဟာ ကိုယ်လွတ်ရုန်းပြေးခဲ့ရပြီး အချိုက လွတ်မြောက်သွားခဲ့ပေမယ့် အချို့က ပြန်ဖမ်းမိခဲ့ပါတယ်။

မိုင်းငေါ့

နမ္မတူအပြီးမှာတာ့ မိုင်းငေါ့ဆင်းဖို့ ထပ်ဖြစ်လာပါတယ်။ မိုင်းငေါတပ်စခန်းဟာ အသေးအမွှားလေးသာဖြစ်ပေမယ့် စကစအင်အား ၁၅၀ ဝန်းကျင်ခန့်ရှိတဲ့ တပ်စခန်းဖြစ်ပါတယ်။ အဲတပ်စခန်း ဝင်ရောက်တိုက်ခိုက်ဖို့ လုပ်နေချိန် သူတို့နည်းသူတို့ဟန်နဲ့ပဲ ထွက်ပြေးသွားခဲ့ကြလို့ သိပ်အထွေထူးမဖြစ်ပဲ မြို့ကို အေးအေးဆေးဆေးပဲ တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းမှာ ရှေ့တန်းသတင်းမှတ်တမ်းလိုက်ယူခဲ့းတဲ့ အတွေ့အကြုံအချို့ကို ပြန်လည်ဝေမျှခြင်း ဖြစ်ပြီး နောက်တစ်ချိန် စာရှည်အဖြစ်ပြန်လည်ရေးပြတင်ပြဖို့ ကြိုးစားပါအုန်းမယ်။

ဒီနေ့နဲ့ဆို ၁၀၂၇စစ်ဆင်ရေးကြီးဟာ တစ်နှစ်ပြည့်လာခဲ့ပြီဖြစ်ပါတယ်…..

မိုင်းအနိုင်


Comments

Leave a Reply

Your email address will not be published. Required fields are marked *