ပြင်ဦးလွင်မြို့၊ ရေချမ်းအိုး ရပ်ကွက်ရှိ ပြည်သူပိုင် မြေဧက ၂၀၀ ကျော်ကို စစ်တပ်က သိမ်းပိုက်ရန် ကြိုးစား

ပြင်ဦးလွင်မြို့၊ ရေချမ်းအိုး ရပ်ကွက်ရှိ ပြည်သူပိုင် မြေဧက ၂၀၀ ကျော်ကို စစ်တပ်က သိမ်းပိုက်ရန် ကြိုးစားနေရာတွင် မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံက မျက်နှာစာတန်း မြေဧက ၅၀ ရယူမည်ဟုဆို

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ တပ်မတော်နည်းပညာတက္ကသိုလ်အရှေ့ ရပ်ကွက်ကြီး ၁၂ ၊ ရေချမ်းအိုး ရပ်ကွက်ရှိ ပြည်သူလူထု နေထိုင်သော မြေဧက ၂၀၀ ကျော်ကို စစ်တပ်က သိမ်းပိုက်ရန်ကြိုးစားနေပြီး ယင်းမြေများအနက်မှ လမ်းမတန်း မျက်နှာစာ မြေဧက ၅၀ကို အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက ရယူမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ တပ်မတော်နည်းပညာတက္ကသိုလ်အရှေ့ ရပ်ကွက်ကြီး ၁၂ ရေချမ်းအိုးရပ်ကွက်အတွင်း မြေဧက ၂၀၀ ဒသမ ၁၄ ပေါ်ရှိ ပြည်သူလူထု အိမ် ထောင်စု‎ပေါင်း ၁၀၀၀ ခန့်နေထိုင်သည့် မြေနေရာကို တပ်ပိုင်မြေဟု နာမည်တပ်ကာ အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ သိမ်းယူရန်ကြိုးပမ်းနေကြောင်း ၊ လက်ရှိအချိန်တွင် အဆိုပါ မြေနေရာတွင် အိမ်ထောင်စုပေါင်း ၁၀၀၀ ခန့် လူဦး ရေ ၃၀၀၀၀ ဝန်းကျင်နေထိုင်နေကြောင်း၊ အဆိုပါ ရပ်ကွက်ကို ၂၀၀၀ ပြည့်နှစ်ကတည်းက တပ်မတော်အလုပ်ရုံတည် ဆောက်မည်ဟုဆိုကာ လျာထားမြေနေရာ သတ်မှတ်ခဲ့ပြီး မြေယာပိုင်ရှင် တောင်သူများနှင့် ညှိုနှိုင်းခဲ့ဖူးကြောင်း၊ စစ်တပ်၏ အလုပ်ရုံစီမံကိန်းအတွက် မြေပိုင်ရှင် တောင်သူအများစုက လက်မှတ်မထိုးခဲ့ကြ၍ စီမံကိန်းရပ်ဆိုင်းခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် တောင်သူများက တပ်ပိုင်မြေ မဟုတ်ကြောင်း အဆင့်ဆင့် စာတင်ခဲ့သဖြင့် တပ်ပိုင်မြေမဟုတ်ပေါ်လွင်ခဲ့ကြောင်း၊ သို့ရာတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်တွင် မြေကွက်များကို ပြန်လည် သိမ်းယူရန် ကြိုးစားလာခြင်းဖြစ်ကြောင်း ရပ်ကွက်နေ ပြည်သူများက ပြောကြားသည်။

အဆိုပါ မြေနေရာကို တပ်ပိုင်မြေဟူ၍ သမုတ်၍ သိမ်းဆည်းရန် ညွှန်ကြားသည့် လျှို့ဝှက်စာကို တပ်တွင်း ထုတ်ပြန်၍ ဒုတိယဗိုလ်မှူးကြီး သိန်းနိုင်ထွန်း၊ ဗိုလ်မှူး ပြည့်ဖြိုးအောင်၊ ဗိုလ်ကြီး သိန်းသန်းဇော် တို့က တရားမဝင်မြေသိမ်းအဖွဲ့ ဖွဲ့စည်းကာ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်၊ အတွင်းရေးမှူးများအဖြစ် တာဝန်ယူထားကြောင်း သိရှိရသည်။

“အဲဒီ တပ်မတော်နည်းပညာတက္ကသိုလ်အရှေ့ မြေဧက ၂၀၀ ကျော်က အရမ်းအချက်အချာကျတဲ့အပြင် နေရာကလည်း​ နေရာကောင်းဖြစ်နေတယ်။ အဲဒါကို သူတို့ လျာထားတာက တပ်ချုပ်သား ကိုအောင်ပြည့်စုံက မျက်နှာစာတန်း ဧက ၅၀ ၊ ဗိုလ်ချုပ်ကိုကိုဦးနဲ့ ဗိုလ်ချုပ်ကျေကာ်ကျော် ထွန်းတို့ကတော့ ဒီမြေကွက်ကြီးကို မရရအောင် သိမ်းခိုင်းနေတာ။ ကျန်တာ ဝေစုခွဲယူမယ်ဆိုပြီးတော့။ နေရာကောင်းတော့ တပ်မတော်အလုပ်ရုံ ဆောက်တာရယ်၊ ကျန်တာကိုတော့ Development Plan လုပ်ထားတာ” ဟု တပ်သတင်းရင်းမြစ်တစ်ခုက ပြော ဆိုသည်။

ယင်းနောက် ယခုနှစ် ဧပြီလ ၆ ရက်နေ့တွင် စစ်တပ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ထွေ/အုပ် စာရေးများနှင့်အတူ ပြည်သူများကိုအကြောင်းတစ်စုံတစ်ရာမပေးဘဲ အဆိုပါရပ်ကွက်အတွင်းရှိ နေအိမ်များကို ဘူဒိုဇာဖြင့် လာရောက် ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် ဒုတိယအကြိမ်အဖြစ် ဩဂုတ်လ ၃ ရက်‌နေ့ နံနက်ပိုင်း ပြင်ဦးလွင်မြို့ တပ်မတော်နည်းပညာတက္ကသိုလ်အရှေ့ ရပ် ကွက်ကြီး ၁၂ ရေချမ်းအိုးရပ်ကွက်အတွင်း မြေဧက ၂၀၀ ဒသမ ၁၄ ပေါ်ရှိ နေအိမ်များကို ထပ်မံ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၄ ရက်နေ့ ရေချမ်းအိုးရပ်ကွက်ရှိ မီးကြိုးများ၊ လျှပ်စစ် ဓာတ်ကြိုးများကို စစ်တပ်၊လျှပ်စစ်၊ ရဲနှင့် စည်ပင်သာယာများက လာရောက်ဖြုတ်ယူပြီး ပြည်သူများနေထိုင်၍ မရစေရန် ထပ်မံလုပ်ဆောင်လာကြောင်း သိ ရှိရသည်။

ရေချမ်းအိုးရပ်ကွက်ရှိ မြေဧက ၂၀၀ ကျော်ကို စစ်တပ်က သိမ်းယူရာတွင် အောက်ခြေ အဓိက ပါဝင်ကူညီနေသူများတွင် ရ.က.က ၁၂ အုပ်ချုပ်းရေးမှူး အောင်ငွေ ၊ ကျော်ဆန်း ၊ မောင်အေး၊ မြို့နယ်‌တွေအုပ်စာရေးမ တို့ပါဝင်ပြီး ခရိုင်မှ ဒုတိယဗိုလ်မှူးကြီးမျိုးထက်ဝင်းကလည်း အဓိက ပါဝင်ပတ်သက်နေကြောင်း သိရှိရသည်။

ယင်းမြေဧက ၂၀၀ ကျော်ကို စစ်ကောင်စီက အကြမ်းဖက် သိမ်းယူရန် အဓိက ကြိုးစားနေသည့် ရည်ရွယ်ချက်မှာ မင်းအောင်လှိုင်၏သား အောင်ပြည့်စုံ အပါအဝင် ဗိုလ်ချုပ်များအတွက် မြေကွက်များ ဖော်ထုတ်ရန်၊ တပ်မတော်ဗဟိုလေ့ကျင့်ရေးအလုပ်ရုံ တည်ဆောက်ရန်၊ တပ်လုံခြုံရေးနှင့် မင်းအောင်လှိုင်၏ လုံခြုံရေးအတွက် တပ်မတော်နည်းပညာ တက္ကသိုလ်ရှေ့တွင် လူနေရပ်ကွက်များ မရှိစေလိုသည့် ရည်ရွယ်ချက်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ဓာတ်ပုံ- မင်းအောင်လှိုင်သား အောင်ပြည့်စုံနှင့် မိန်းမ မျိုးရတနာထိုက်။ စစ်တပ်၏ ဖျက်ဆီးမှု ခံထားရသော ပြင်ဦးလွင်မြို့၊ ရေချမ်းအိုးကျေးရွာမှ နေအိမ်နှင့်ခြံစည်းရိုးများ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *