အောင်ဇေယျစစ်ကြောင်းကို စစ်ကူပေးသည့်တပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

ကရင်ပြည်နယ်၊ မြဝတီမြို့ကို စစ်ကြောင်းထိုးနေသည့် အောင်ဇေယျစစ်ဆင်ရေးစစ်ကြောင်းအား စစ်ကူပေးသည့် စစ်ကောင်စီတပ်သားများကို တော်လှန်ရေးပူးပေါင်းတပ်များ ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် လက်နက်ငယ် ၂ လက် သိမ်းဆည်းရရှိခဲ့သည်ဟု မြေပြင်ရဲဘော်များထံမှ သိရသည်။

ယမန်နေ့ အောက်တိုဘာ ၂၇ ရက်တွင် ကော့ကရိတ်- သင်္ကန်းညီနောင် အာရှလမ်းမတစ်နေရာ၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး သေဆုံးခဲ့သည့်စစ်ကောင်စီအလောင်းများလည်း မျက်မြင်တွေ့ရှိမှုများရှိခဲ့သည်ဟု မြေပြင်ရဲဘော်တစ်ဦးကပြောသည်။

၎င်းက “မနေ့ကတော့ တစ်နေကုန်တိုက်ပွဲဖြစ်တယ်ပေါ့နော်။ ကျွန်တော်တို့ဘက်က ရန်သူ့အလောင်း (စစ်ကောင်စီတပ်သား) ၄ လောင်းနဲ့ သေနတ် ၂ လက်ရရှိခဲ့တယ်။ အခုရတဲ့သေနတ်က အောင်ဇေယျကိုစစ်ကူလာတဲ့စစ်ကြောင်းကရတာ” ဟု ဆိုသည်။

လက်ရှိတွင် တောနော်ရေတံခွန်အကျော်သို့ရောက်ရှိနေသည့် အောင်ဇေယျစစ်ကြောင်းသည် ပူးပေါင်းတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှု၊ နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် ​ရှေ့ဆက်တိုး၍ မရဘဲဖြစ်နေသည်ဟု အဆိုပါ မြေပြင်ရဲဘော်တစ်ဦးက ဆက်ပြောသည်။

၎င်းက “လက်ရှိအောင်ဇေယျရဲ့ အခြေအနေအကတော့ ဆုပ်လည်းဆူး၊ စားလည်းရူးဆိုတဲ့ အခြေအနေပေါ့။ ​ရှေ့ပဲတိုးရမလိုလို၊ နောက်ပဲ ဆုတ်ရတော့မလိုလိုနဲ့ တိုင်ပတ်နေတဲ့အခြေအနေပေါ့” ဟုဆိုသည်။

ပြီးခဲ့သည့်အောက်တိုဘာလ ၂၀ ရက်နေ့တွင် ချေမှုန်းရေးသေနတ်အပါအဝင် 84 နောက်ပွင့်နှင့် ကျည်များ၊ အောက်တိုဘာ ၂၆ ရက်နေ့တွင်လည်း လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့သည်ဟု တောင်ပိုင်းတိုင်းစစ်ဒေသက ထုတ်ပြန်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *