ငါန်းဇွန်မှာ ရွာမီးရှို့၊ လူသတ်၊ လုယက်နေတဲ့ စစ်အုပ်စုကို စနိုက်ပါနဲ့ ပစ်ခတ်၊ နှစ်ယောက် သေ ဟုဆို

ငါန်းဇွန်မှာ ရွာမီးရှို့၊ လူသတ်၊ လုယက်နေတဲ့ စစ်အုပ်စုကို စနိုက်ပါနဲ့ ပစ်ခတ်၊ နှစ်ယောက် သေ ဟုဆို

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးရွာကို စီးနင်းထားပြီး လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ စ်စအုပ်စုတွေ ဒီမနက်ပိုင်း ရွာအပြင်ဘက် ထွက်လာချိန် စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု နှစ်ယောက် သေတယ်လို့ ZERO ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံခရိုင် တပ်ရင်း – ၇ ခေါင်းဆောင် ကိုသက်ကြီးက ပြောပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၂၇ ရက် မနက်ပိုင်း ငါန်းမြာကြီးရွာထဲက ထွက်လာတဲ့ အင်အား ၃၀ ဝန်းကျင်ပါ စစ်အုပ်စုကို တော်လှန်ရေးတပ်ဖွဲ့တွေက လယ်ကွင်းထဲမှာ ကင်းပုန်းဝပ်ပြီး စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ဒီကနေ့ မနက်ပိုင်း ၈ နာရီကျော်လောက်မှာ ငါန်းမြာကြီးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စခ(စစ်အုပ်စု)တွေက ရွာရဲ့ အရှေ့ဘက်ကို အင်အား ၃၀ လောက်နဲ့ စစ်ကြောင်း ထွက်လာတယ်လို့ ကျွန်တော်တို့ သတင်းရတယ်။ အဲဒီ အချိန်မှာ ကျွန်တော်တို့ Zero ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံခရိုင် တပ်ရင်း (၇) နဲ့ မြင်းခြံခရိုင် တပ်ရင်း (၆) အဖွဲ့တွေ ပူးပေါင်း ပြီးတော့ ရှေ့မှာ ကာကင်းထွက်တယ်။ ကာကင်းထွက် ကင်းပုန်းယူပြီးတော့ လယ်ကွင်းပြင်ထဲကနေ စနိုက်ပါနဲ့ ပစ်ခတ်နိုင်ခဲ့တာပါ။ ကျွန်တော်တို့ ပစ်ခတ်လိုက်တဲ့ အချိန်မှာ စခ နှစ်ကောင် လယ်ကွင်းထဲမှာ လဲကျသွားတာ တွေ့လိုက်ရတယ်။ လဲကျသွားချိန်မှာ သူတို့ စစ်ကြောင်းက ကစဉ့်ကလျား ဖြစ်သွားတယ်။ အဲဒီလို ဖြစ်သွားပြီးတော့ ကျန်တဲ့ စခ တွေက လဲကျသွားတဲ့ နှစ်ယောက်ကို ဆွဲပြီးတော့ ရွာထဲပြန်ဝင်သွားတယ်”လို့ ZERO ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ကိုသက်ကြီးက ပြောပါတယ်။

စစ်အုပ်စုဟာ ငါန်းမြာကြီးရွာ အနီးဝန်းကျင်က တခြားကျေးရွာတွေကို စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့ဖို့ ထွက်လာတာ ဖြစ်ပြီး စနိုက်ပါနဲ့ ပစ်ခတ် တိုက်ခိုက်ခံရပြီးနောက် ငါန်းမြာကြီးရွာထဲ ပြန်ဆုတ်ပြေးကာ တော်လှန်ရေး တပ်ဖွဲ့တွေ ရှိမယ်ထင်တဲ့နေရာကို ပြန်လည် ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုအတွင်း တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ကိုသက်ကြီးက ပြောပါတယ်။

စစ်အုပ်စုဟာ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ငါန်းမြာကြီးရွာကို အောက်တိုဘာလ ၂၁ရက်မှာ ပြန်လည် တိုက်ခိုက် သိမ်းယူသွားတာ ဖြစ်ပြီး အောက်တိုဘာလ ၁၁ ရက်က စလို့ ငါန်းမြာကြီးရွာ အပါအဝင် ငါန်းဇွန်နယ်ထဲ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေတာလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ စစ်အုပ်စုက ငါန်းမြာကြီးရွာကို ပြန်လည်သိမ်းပိုက်ပြီးနောက် ဒေသခံပြည်သူ ၂၀ ဦး ထက်မနည်းကို ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ တချို့ကို ညှဉ်းပန်းသတ်ဖြတ်ပြီး ဖြစ်သလို ဒေသတွင်း ဆက်လက် ရွာစဉ်ပတ်မွှေ အကြမ်းဖက်နေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ အောက်တိုဘာ ၂၅ ရက်ကလည်း တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ ငါန်းဇွန်နယ် သားကျင်ရွာကို လေကြောင်း ဗုံးကြဲ သတ်ဖြတ်ခဲ့ပြီး အမျိုးသမီး သုံးဦးနဲ့ အမျိုးသား နှစ်ဦး ဒဏ်ရာ ရခဲ့ပါတယ်။

စစ်အုပ်စုရန်ကြောင့် ငါန်းမြာကြီး၊ သဖန်းသာ၊ စီသာ၊ ပေါက်တောချောင်၊ မိုးတောင်၊ ဒုံဒင်၊ ရွာသာအေး၊ သရက်ချိုပင် စတဲ့ ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာနဲ့ အကူညီတွေ လိုအပ်နေတယ်လို့လည်း စစ်ဘေးရှောင်တွေကို ကူညီနေသူတွေထံက သိရပါတယ်။

ငါန်းဇွန်နယ်ထဲ ရွာမီးရှို့၊ လူသတ်၊ လုယက်နေတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေက စနိုက်ပါနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့စဉ်/Photo – ကိုသက်ကြီး – ZERO ပြောက်ကျားတပ်ဖွဲ့


Comments

Leave a Reply

Your email address will not be published. Required fields are marked *