ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းဆုံအနီးရှိ အမှတ် ၉၈၁ အကြမ်းဖက်စစ်တပ် ဂိတ်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယမန်နေ့ အောက်တိုဘာလ ၂၇ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန်တွင် ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်ကို ဂုဏ်ပြုသောအားဖြင့် မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းဆုံအနီးရှိ ခရေပင်လမ်း အမှတ် ၉၈၁ စစ်တပ် ဂိတ်ကို အဝေးထိန်းမိုင်းအသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်မှုနှင့်ပတ်သက်၍ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်မှုတစ်စုံတစ်ရာ သိရှိ ရ ခြင်း မရှိသေးသော်လည်း ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Dark Shadow အဖွဲ့မှ တပ်ဖွဲ့ဝင်ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများအား နေ့စဉ်ဒုက္ခပေးနေသော စစ်ကောင်စီ၏ တပ်သားများကို သတိပေးသည့် အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။
ယခုရက်ပိုင်းအတွင်း ဧည့်စာရင်းအကြောင်းပြ၍ မသက်ဆိုင်သောပြည်သူများ ၊ ရဲဘော်များ မတရား သဖြင့် ဖမ်းဆီးခံရမှုများကို နေ့စဉ်ကြားသိနေရသည့်အပြင် မကြာသေးမီက ငရဲခန်းကို ဖြတ်သန်းခဲ့ရသော ဘုတလင်ဖြစ်စဉ်မှ ပြည်သူများ၊ ရဲဘော်များကိုယ်စား လက်တုံ့ပြန်တိုက်ခိုက်သွားမည်ကြောင်း Dark Shadow အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ဆက်လက်၍ အကြမ်းဖက်စစ်ကောင်စီထောက်တိုင် ပစ်မှတ်များကို တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ် သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ နှင့် ပတ်သတ်သော နေရာများ၊ စစ်ကောင်စီ စစ်သား၊ ရဲ၊ ပျူစောထီး၊ အရပ်ဝတ်စစ်သားများ စုဝေးရာနေရာများကို သွားလာခြင်းမပြုဘဲ ဝေးဝေးမှ ရှောင်ရှားသွားလာနေထိုင်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။
ဓာတ်ပုံ- မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်တစ်ခုတွင် ဂိတ်ချစစ်ဆေးနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)
Leave a Reply