အညာဒေသတွင် အခြေချကာ စစ်ဆင်ရေးများဖော်ဆောင်တော့မည်ဟု BPLA တာဝန်ခံ မောင်ဆောင်းခ ပြော

အညာဒေသတွင် အခြေချကာ စစ်ဆင်ရေးများဖော်ဆောင်တော့မည်ဟု BPLA တာဝန်ခံ မောင်ဆောင်းခ ပြော

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေစိုက်လှုပ်ရှားသည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) အနေဖြင့် မကြာခင်ကာလမှာ အညာဒေသတွင် အခြေချကာ စစ်ဆင်ရေးများဖော်ဆောင်တော့မည်ဟု BPLA တာဝန်ခံ မောင်ဆောင်းခ ပြောကြားလိုက်သည်။

၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်မြောက်သည့်နေ့ အောက်တိုဘာ ၂၇ ရက်နေ့ တွင် မောင်ဆောင်းခက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှ တဆင့် အသိပေးခဲ့သည်။

“ပြည်သူတွေကို အသိပေးချင်တာတခုက BPLAဟာ မကြာခင် အညာဒေသမှာအခြေချပြီး စစ်ဆင်ရေးတွေဖော်ဆောင်လာနိုင်တော့မယ်ဆိုတာပါပဲ။ အညာလူထုကလည်း ကျနော်တို့ကို ကြိုဆိုမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်” ဟု ၎င်းက ရေးသားထားသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း နွေဦးတော်လှန်ရေးတပ်ဖွဲ့များ တိုးတက်ဖြစ်ထွန်းခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

“ဒီကျေးဇူးကို ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး” ဟု ရေးသားထားသည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) အဖွဲ့သည် မြောက်ပိုင်းညီနောင် မဟာမိတ်များနှင့်အတူ ၁၀၂၇ စစ်ဆင်ရေးကြီး စတင်ချိန်မှစ၍ ယခုအချိန်ထိ ပါဝင်တိုက်ပွဲဝင်နေသည့် အဖွဲ့တဖွဲ့လည်း ဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း မြောက်ပိုင်းညီနောင် မဟာမိတ်များသည် မြို့ပေါင်း ၄၀ ကိုစစ်ကောင်စီလက်ထဲမှ တိုက်ခိုက်သိမ်းပိုက်ထားပြီး ထိုထဲကမှ ဟိုပန် နှင့် ပန်လုံ နှစ်မြို့ကို UWSA “ဝ” တပ်ဖွဲ့ ထံသို့ ပြန်လည်လွှဲအပ်ပေးခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးတွင် မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်သည့် TNLA၊ MNDAA နှင့် AA တို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ( NUG) လက်အောက်ရှိ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ မိုးကုတ်ဗျူဟာတပ်ရင်းများ၊ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF) တို့အပြင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့် ဒေသကာကွယ်ရေးတပ်များလည်း ပါဝင်တိုက်ပွဲဝင်နေကြခြင်းဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *