အမ်း နပခကို စစ်ကူအင်အားရာနှင့်ချီပြီး လေယာဉ်ဖြင့် စစ်ကောင်စီပို့ဆောင်

(လေထီးများဖြင့်လည်း လက်နက်နှင့် ရိက္ခာများချပေး)

တိုက်ပွဲ ပြင်းထန်နေသည့် အမ်းမြို့တွင် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်များဖြင့် လေယာဉ်ကွင်း အနီး ဝန်းကျင်းကို ဗုံးကြဲတိုက်ခိုက်ပြီး ပို့ဆောင်ရေး လေယာဉ်များဆင်းသက်ကာ စစ်ကူအင်အား ရာနှင့်ချီပြီး ပို့ဆောင်ပေးခဲ့သည်ဟု သတင်းရရှိသည်။

၎င်းပြင် Y-12 လေထီးများဖြင့်လည်း လက်နက်နဲ့ ရိက္ခာအထုပ်ပေါင်း ၁၀၀ ကျော်ကို ချပေးခဲ့သည်ဟု မျက်မြင် ဒေသခံများက ပြောသည်။

အမ်းဒေသခံ သတင်းရင်းမြစ်တစ်ခုက “ ဒီနေ့ လေယာဉ်ကွင်းပတ်ဝန်းကျင်ကို ဗုံးတွေ အကြီးအကျယ် ချပါတယ်။ အဲဒါပီးတာနဲ့ ပို့ဆောင်ရေးလေယာဉ် လေးငါးစင်းခန့် လေယာဉ်ကွင်းမှာ ကျပါတယ်။ စစ်သားတွေ အများအပြားကို စစ်ကူပို့တာပါ။ အင်အားက ရာနဲ့ချီ ရှိတယ်လို့ သိရပါတယ်” ဟု ပြောသည်။

၎င်းစစ်ကူများကို အမ်းမြို့ ၊အမ်း‌ တောင်အုပ်စုရှိ အမှတ် (၇၅၇ ) အလုပ်ရုံတပ်ခွဲ (လျှပ်စစ်တပ်) ထဲကို ယနေ့ အောက်တိုဘာ ၂၈ ရက်နေ့ နေ့လယ်ပိုင်းက ပို့ဆောင်ခဲ့ပြီး ၎င်းတပ်ကတစ်ဆင့် နပခ ဌာနချုပ်ထဲကို ထပ်မံ အင်အားဖြည့်တင်းခဲ့သည်ဟု ဆိုသည်။

လေယာဉ် (၅)စီးဖြင့် စစ်အင်အား ၃၀၀ ကျော်ခန့် စစ်ကူလာဖြည့်ခဲ့သည်ဟု ဒေသခံများက ပြောဆိုကြသည်။

ယင်းအပြင် ယနေ့ မွန်းလွဲ ၂နာရီခွဲခန့်ကလည်း စစ်သုံး Y-12 လေယာဉ်မှတဆင့် လေထီးများဖြင့် ရိက္ခာ အထုပ်ပေါင်း ၁၀၀ ကျော်ခန့် ချပေးခဲ့သည်ဟု အမ်းမြို့ခံအမျိုးသမီးတစ်ဦးကပြောသည်။

” ဘယ်ကိုချလဲတော့မသိဘူး။ မြို့ကနေမြင်ရတာ တစ်ခါချရင် ၁၀ထုပ်လောက်ချပေးတယ်။ အထုပ် ၁၀၀ ကျော်လောာက်ခန့်မှန်းရတယ်” ဟုပြောသည် ။

ယနေ့ညနေ ၇ ကျော်ခန့်မှစ၍ အမ်းမြို့တွင် စစ်ကားများကင်းလှည့်သွားလာခြင်း၊ စစ်ကောင်စီ တပ်သားများ ကင်းပုန်းဝပ်ခြင်း များပြုလုပ်ထားကြောင်း ဒေသခံများက ပြောသည်။

မြို့ခံတစ်ဦးက ” စစ်ကားတွေသွားနေတယ်။ အသံတွေကြားနေရတယ်။ ဘယ်နှစ်စီးမှန်းတော့ မသိဘူး။ မြို့ထဲမှာလည်း ကင်းပုန်းဝပ်နေကြတယ် ” ဟု ပြောသည်။

ယနေ့ အောက်တိုဘာ ၂၈ ရက်နေ့ တစ်ရက်လုံး လေယာဉ်ကွင်းရပ်ကွက်နှင့် တဖက်တကမ်းရှိ COD တပ်ရင်းဖက်မှ လက်နက်ပစ်ခတ်သံများ တစ် ရက်လုံးကြားနေရကြောင်း မြို့ခံများက ပြောသည်။

အမ်းသို့ အင်အားလာဖြည့်တင်းရာတွင် ပြည့်သူ့စစ် သင်တန်းဆင်း စစ်သားများနှင့် စစ်ကောင်စီ တပ်သားများမှာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မ (၅၅ ) ၊ မကွေးတိုင်းဒေသကြီး ခြေမြန် တပ်မဌာနချုပ် တပ်မ ( ၈၈ ) ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မ( ၉၉) တို့ ပါဝင်ကြောင်း စစ်ရေးသတင်းရင်းမြစ်များအရ သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *