စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ကား ၁ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်

အောင်လံမြို့နယ်ရှိ ကျေးရွာများကို ဝင်ရောက် ဖျက်ဆီးခဲ့သော စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ကား ၁ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦး ထက်မနည်း သေဆုံး

မကွေးတိုင်း၊ အောင်လံမြို့နယ်ရှိ ကျေးရွာများကို ဝင်ရောက် ဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ကား ၁ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၇ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံက ပြောဆိုသည်။

အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၆ ရက်နေ့ထိ အောင်လံမြို့ အခြေစိုက် အမှတ် (၇၁) ခြေလျင် တပ်ရင်း၊ ကပစ (၁၅)နှင့် ရွှေပန်းတောတိုက်နယ် အထိုင်စခန်းတို့မှ ဗိုလ်ကြီးမျိုးမြင့်လှိုင် ဦးဆောင်သော အင်အား ၅၂ ဦးပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တလုတ်ပင် အထိုင်စခန်းမှ တဆင့် တောလမ်းကို အသုံးပြု၍ ကရင်မစမ်းကျေးရွာကို ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။

ယင်းစစ်ကြောင်းသည် ကရင်မစမ်းကျေးရွာတွင် အထိုင်ချ တပ်ဆွဲကာ အနီးဝန်းကျင်ရှိ ကျေးရွာများကို ရှာဖွေ ရှင်းလင်းခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ပြီး ပြည်သူပိုင် ကြက်များ၊ ကြက်ဥများနှင့် စားနပ်ရိက္ခာများကို ခိုးယူ စားသောက်သွားကြောင်း သိရှိရသည်။

ထို့ပြင် ပြည်သူပိုင်အိမ်များအတွင်းသို့ ဝင်ရောက်မွှေနှောက်ရှာဖွေပြီး စားနပ်ရိက္ခာများ၊ ငွေကြေးများကိုလည်း ယူဆောင်သွားကြောင်း၊ ယင်း စစ်ကြောင်းသည် အောက်တိုဘာလ ၂၆ ရက်နေ့ ညနေပိုင်းတွင် တလုတ်ပင်အထိုင်စခန်းသို့ ပြန်လည် ရောက်ရှိလာပြီး အောက်တိုဘာလ ၂၇ ရက်နေ့တွင် တလုတ်ပင်အထိုင်စခန်းမှ အောင်လံမြို့သို့ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။

ထို့သို့ အကြမ်းဖက် စစ်ကောင်စီ တပ်သား အောက်လံမြို့ကို ဆုတ်ခွာလာစဉ် စစ်သား ၂၅ ဦးခန့်လိုက်လာသော ကား ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက ကျောက်ပုံကျေးရွာနှင့် သံပုရာခုံကျေးရွာအကြားတွင် အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“စစ်ကောင်စစ် လက်အောက်ခံ တပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူနဲ့ ဆန့်ကျင်ဘက်အရပ်မှာ နေပြီး ခုလို စစ်ကြောင်း မကြာမကြာထိုးရင် ခုလို အဖြစ်ဆိုးမျိုးတွေ မကြာမကြာ ကြုံရမယ်။ မိသားစု ဘဝတွေ ပျက်စီးတာပဲ အဖတ်တင်မှာ ဖြစ်တဲ့အတွက် ဒီတိုက်ခိုက်မှုဖြစ်စဉ်ကို သင်ခန်းစာယူပြီး ပြည်သူ့ရင်ခွင် ခိုလှုံပါလို့ပဲ ပြောကြားလိုပါတယ်။ ပြည်သူတွေ ဖမ်းဆီး သတ်ဖြတ်ခံရတာတော့ မရှိပါဘူး။ ပြည်သူတွေ စုဆောင်းထားတဲ့ ငွေလေးတွေ အကုန်ခိုးယူသွားတယ်။ ငွေပါတဲ့သူရှိတယ်။ ကြက်တွေလည်း ခိုးသွားတယ်။ အိမ်တော်တော်များများကို မွှေနှောက်ရှာဖွေသွားတာ ဘာတွေပါလဲဆိုတာတော့ အသေးစိတ် မသိရသေးဘူး။ စစ်ကြောင်းက ၂၆ ရက်နေ့မှာ ကရင်မစမ်းကထွက်ပြီး ညနေပိုင်းမှာ နှောက်စမ်းရွာကို ရောက်တယ်။ နှောက်စမ်းက ပြည်သူ ၄ ဦးကို ဓားစာခံဖမ်းပြီး ရွာတောင်ဘက်က တလုတ်ပင် အထိုင်စခန်းကို ပြန်သွားတာ စခန်းရောက်မှ ပြန်လွှတ်တယ်လို့ သိရတယ်” ဟု အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို သရက်ခရိုင် အမှတ် ၁ တပ်ရင်း၊ နေပြည်တော်တပ်ရင်း ၉၀၂ ၊ နေပြည်တော်တပ်ရင်း ၈၀၄ ၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အောင်လံ ပကဖ တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *