မြန်မာအလှမယ်သဲစုငြိမ်းကို Miss Grand International အဖွဲ့က ဆု ရုပ်သိမ်း

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်ညက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာကျင်းပခဲ့တဲ့ Miss Grand International(MGI) အလှမယ်ပြိုင်ပွဲမှာ တတိယဆု(second runner up) ရရှိထားတဲ့ မြန်မာအလှမယ် သဲစုငြိမ်းရဲ့ ဆုကို ပြန်ရုပ်သိမ်းတယ်လို့ MGI က ထုတ်ပြောလာပါတယ်။

မသင့်လျော်တဲ့အပြုအမူ၊ စည်းကမ်းချိုးဖောက်မှုတွေကြောင့် ဆုရုပ်သိမ်းတယ်လို့ ဒီနေ့ ညနေပိုင်းထုတ်ပြန်တဲ့စာမှာရေးထားပါတယ်။

မြန်မာအလှမယ်က ဆုလက်ခံရယူပြီးနောက် ငိုကြွေးခဲ့ပြီး စင်မြင့်ပေါ်ကဆင်းချိန် သရဖူနဲ့ စလွယ်ကို ကိုယ်စားလှယ်(National Director)က ဖယ်ရှားခဲ့တယ်ဆိုတဲ့ ရုပ်သံဗီဒီယိုတွေ ထိုင်းမီဒီယာတွေမှာ ပြန့်နှံ့ခဲ့ပြီးနောက် နိုင်ငံတကာကပါ မှတ်ချက်ပြုဝေဖန်မှုတွေ စတင်လာခဲ့ပါတယ်။

မြန်မာအလှမယ်သဲစုငြိမ်းကို အားပေးတဲ့ပရိသတ်အချို့ကလည်း ပြိုင်ပွဲက မမျှတတဲ့အကြောင်း MGI ရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားခဲ့ပြီး နိုင်ငံတကာအလှမယ်ပရိသတ်တွေကလည်း အလှမယ်ပြိုင်ပွဲကို အားပေးတဲ့မြန်မာပရိသတ်အပြုအမူအပေါ် ဝေဖန်ခဲ့ကြတာပါ။

၂၀၂၄ ခုနှစ် Miss Grand International (MGI)ပြိုင်ပွဲမှာ ပထမဆုအဖြစ် အိန္ဒိယအလှမယ် Rachel Gupta က ရရှိခဲ့ပြီး ဒုတိယဆုကို ဖိလစ်ပိုင်အလှမယ် Christine Juliane Opiaza တို့က ရရှိခဲ့တာပါ။

မြန်မာအလှမယ် သဲစုငြိမ်းကတော့ ပြိုင်ပွဲရဲ့ အမှတ်ပေး စည်းမျဉ်းတွေက တရားမျှတမှုမရှိဘူးလို့ အွန်လိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်ပြောကြားခဲ့ပြီး တတိယဆု(second runner up) သရဖူကို MGI အဖွဲ့အစည်းထံ ပြန်အပ်နှံခဲ့တယ်လို့ MGI က အခုစာကိုမထုတ်ပြန်ခင် မနေ့ အောက်တိုဘာ ၂၇ ရက် ညနေပိုင်းက သူ့ရဲ့ ကိုယ်ပိုင်လူမှုကွန်ရက် ကနေ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပြောထားပါတယ်။

မြန်မာအလှမယ်အတွက် National Director အဖြစ် ဆောင်ရွက်သူကလည်း သရဖူကိုပြန်အပ်နှံခဲ့‌ကြောင်းနဲ့ နောက်ဒီတာဝန်ကို ဆက်လက်တာဝန်ယူတော့မှာမဟုတ်ကြောင်းလည်း ထုတ်ပြောခဲ့ပါတယ်။

Miss Grand International ပိုင်ရှင်ဖြစ်သူ မစ္စတာနဝက် အစ်ဆာရာဂျရီဆီလ် ဘက်ကလည်း သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သလို မြန်မာအလှမယ်နဲ့ တာဝန်ရှိသူတို့ရဲ့ ပွဲအပြီး အပြုအမူကို‌‌ဝေဖန်ခဲ့ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *