ကရင်ပြည်နယ်၊ မြဝတီမြို့ကို စစ်ကြောင်းထိုးနေသည့် အောင်ဇေယျစစ်ဆင်ရေးစစ်ကြောင်းအား စစ်ကူပေးသည့် စစ်ကောင်စီတပ်သားများကို တော်လှန်ရေးပူးပေါင်းတပ်များ ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် လက်နက်ငယ် ၂ လက် သိမ်းဆည်းရရှိခဲ့သည်ဟု မြေပြင်ရဲဘော်များထံမှ သိရသည်။
ယမန်နေ့ အောက်တိုဘာ ၂၇ ရက်တွင် ကော့ကရိတ်- သင်္ကန်းညီနောင် အာရှလမ်းမတစ်နေရာ၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး သေဆုံးခဲ့သည့်စစ်ကောင်စီအလောင်းများလည်း မျက်မြင်တွေ့ရှိမှုများရှိခဲ့သည်ဟု မြေပြင်ရဲဘော်တစ်ဦးကပြောသည်။
၎င်းက “မနေ့ကတော့ တစ်နေကုန်တိုက်ပွဲဖြစ်တယ်ပေါ့နော်။ ကျွန်တော်တို့ဘက်က ရန်သူ့အလောင်း (စစ်ကောင်စီတပ်သား) ၄ လောင်းနဲ့ သေနတ် ၂ လက်ရရှိခဲ့တယ်။ အခုရတဲ့သေနတ်က အောင်ဇေယျကိုစစ်ကူလာတဲ့စစ်ကြောင်းကရတာ” ဟု ဆိုသည်။
လက်ရှိတွင် တောနော်ရေတံခွန်အကျော်သို့ရောက်ရှိနေသည့် အောင်ဇေယျစစ်ကြောင်းသည် ပူးပေါင်းတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှု၊ နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် ရှေ့ဆက်တိုး၍ မရဘဲဖြစ်နေသည်ဟု အဆိုပါ မြေပြင်ရဲဘော်တစ်ဦးက ဆက်ပြောသည်။
၎င်းက “လက်ရှိအောင်ဇေယျရဲ့ အခြေအနေအကတော့ ဆုပ်လည်းဆူး၊ စားလည်းရူးဆိုတဲ့ အခြေအနေပေါ့။ ရှေ့ပဲတိုးရမလိုလို၊ နောက်ပဲ ဆုတ်ရတော့မလိုလိုနဲ့ တိုင်ပတ်နေတဲ့အခြေအနေပေါ့” ဟုဆိုသည်။
ပြီးခဲ့သည့်အောက်တိုဘာလ ၂၀ ရက်နေ့တွင် ချေမှုန်းရေးသေနတ်အပါအဝင် 84 နောက်ပွင့်နှင့် ကျည်များ၊ အောက်တိုဘာ ၂၆ ရက်နေ့တွင်လည်း လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့သည်ဟု တောင်ပိုင်းတိုင်းစစ်ဒေသက ထုတ်ပြန်သည်။
Leave a Reply