အမ်းမြို့ ခမရ(၃၇၃)တပ်ရင်းမှူးနိုင်ဇော်အောင်နဲ့ ဂျီဝမ်းတိုက်ပွဲအတွင်းရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့ အမ်းယာယီစစ်ဆေးရုံမှာ သေဆုံးသွားခဲ့ဟုဆို

အမ်းမြို့ ခမရ(၃၇၃)တပ်ရင်းမှူးနိုင်ဇော်အောင်နဲ့ ဂျီဝမ်းတိုက်ပွဲအတွင်းရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့ အမ်းယာယီစစ်ဆေးရုံမှာ သေဆုံးသွားခဲ့ဟုဆို

အမ်းမြို့အခြေစိုက် ခမရ(၃၇၃)တပ်ရင်းမှူးနိုင်ဇော်အောင်နဲ့ စစ်ဗျူဟာကို ကိုင်ထားတဲ့ G1 အရာရှိကြီး နှစ်ဦးဟာ အာရက္ခတပ်တော် (AA)နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ရရှိသွားခဲ့တဲ့ ဒဏ်ရာတွေနဲ့ အမ်းမြို့ အထက (၂)မှာ ဖွင့်လှစ်ထားတဲ့ ယာယီစစ်ဆေးရုံမှာအောက်တိုဘာ ၂၆ ရက်နေ့က သေဆုံး သွားခဲ့ကြတယ်လို့ စစ်ရေးသတင်းရင်း မြစ်အရ သိရပါတယ်။

အမ်းအခြေစိုက် ခမရ ၃၇၃ ကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဘက်က အကျအဆုံးများစွာနဲ့ နောက်ဆုတ်စဉ်မှာ စရဖတပ် အနီးမှာ အေအေက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲခဲ့ပြီး ခမရ (၃၇၃) တပ်ရင်းမှူး ဗိုလ်မှူး နိုင်ဇော်အောင်နဲ့ စစ်ရေးဗျူဟာ ကိုင်ထားတဲ့ G1 တို့ ဒဏ်ရာ ပြင်းထန် ရရှိသွားခဲ့တယ်လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

” AA မှထိုးစစ်ဆင်တိုက်နေချိန် တိုက်ပွဲကလည်း တအားပြင်းတယ်။ စစ်ကောင်စီကလည်း ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတယ်။ နပခမှ လက်နက်ကြီးပစ်ကူပေးတယ်။ အေအေကလည်း လက်နက်ကြီး ပစ်တယ်။ ဘယ်ကပစ်မှန်းမသိတော့ဘူး။ ဆူညံနေတာဘဲ။ AA က ထိုးစစ်ဆင်ပြီး စစ်ရှိန်မြင့်ကာ ပထမ အသုတ်အနေနဲ့ စရဖ တပ်ရဲ့ အလွန်က စစ်ကူပေးနေတဲ့ စရဖတပ်ဘက်ကို နောက်ဆုတ်လာရာမှာ AA ဖက်မှ အသင့်စောင့်နေပုံရပါတယ်။ လက်နက်ကြီး ပစ်လိုက် တာအဲဒီနေရာ အနီးအနားကျပြီး သူတို့နှစ်ဦးက ဒဏ်ရာ ပြင်းတယ်။ တပ်ဖွဲ့ဝင် အချို့သေကြတယ်”လို့ ဆိုပါတယ်။

လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ခမရ ၃၇၃ တပ်ရင်းမှူး နိုင်ဇော်အောင်မှာ ခြေတစ်ဖက် ပြတ်သွားပြီး ၊ G1တွင် ဉီးခေါင်းတွင် ထိခိုက်ကာ သူတို့ ၂ ဦးစလုံး၏ ခန္ဓာကိုယ်အနှံ့မှာလည်း ပြင်းထန်ဒဏ်ရာများ ရရှိသွားခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ ၂ ဦးကို အမ်းမြို့ အထက (၂)မှာ ဖွင့်လှစ်ထားတဲ့ ယာယီ စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပေမယ့် ၎င်းဆေးရုံမှာဘဲ ဒဏ်ရာတွေနဲ့ အောက်တိုဘာ ၂၆ ရက်နေ့က သေဆုံးသွားခဲ့ပြီး အဲဒီနေ့နေဝင်စအချိန်မှာ မြို့သစ်သင်းချိုင်းမှာ မြေမြုပ် သင်္ဂြိုလ်လိုက်တယ်လို့ သိရပါတယ်။

ခေတ်သစ်မီဒီယာရဲ့ သတင်းမှာတော့ ဗိုလ်မှူးနိုင်ဇော်အောင်ဟာ တိုက်ပွဲအတွင်း အစာငတ်ပြတ်ပြီးသေဆုံးသွားခဲ့တယ်လို့ နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်ကို ကိုးကားပြီး သတင်းဖော်ပြပါတယ်။

အောက်တိုဘာလ ၂၇ရက်နေ့ ညနေပိုင်းမှာ ဗိုလ်မှူးနိုင်ဇော်အောင်ဟာ အမ်းမြို့နယ်အတွင်းရှိ တောတွင်း တစ်နေရာမှာ စားနပ်ရိက္ခာပြတ်တောက်ပြီး အစာအိမ်သွေးကြောပေါက်ကာ သေဆုံးသွားခဲ့တယ်လို့ ရန်ကုန်ရှိ ကျန်ရစ်သူမိသားစုထံ စစ်ကောင်စီ စစ်ရုံးက တရားဝင် အသိပေး အကြောင်းကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဗိုလ်မှူးနိုင်ဇော်အောင်ဟာ စ စ်အာသိမ်းခါစ ၂၀၂၁ ခုနှစ်တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့ အခြေစိုက် ခမရ ၁၂ တပ်ရင်းမှ ဒုတပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။

ရှေ့တန်းမှာရရှိခဲ့တဲ့ ဒဏ်ရာကြောင့် နေပြည်တော်မှာ ဆေးကုသခံယူခဲ့ရသူဖြစ်ပြီး အဲဒီနောက် အမ်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ (၃၇၃) မှာ တပ်ရင်းမှူးအဖြစ်နဲ့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ရသူ ဖြစ်တယ်လို့ သိရှိရပါတယ်။

(ဓာတ်ပုံ- ဗိုလ်မှူး နိုင်ဇော်အာင်/ ခေတ်သစ်)


Comments

Leave a Reply

Your email address will not be published. Required fields are marked *