မူဆယ်မြို့အနီး ယနေ့နံနက် တိုက်ပွဲဖြစ်
ကွတ်ခိုင်မြို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ ပြည်သူတစ်ဦး သေဆုံး
ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ် – မြန်မာနယ်စပ်မြို့ မူဆယ်အနီးတွင် ယနေ့နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသသတင်းရင်းမြစ် က ပြောသည်။
နိုဝင်ဘာ ၁ရက် နံနက် ၇နာရီကျော်ကစ၍ မန့်မိုင် ဒေသ၌ နာရီဝက်နီးပါးကြာ ပစ်ခတ်မှုဖြစ်ခဲ့သည်ဟု သိရကြောင်း၊ ကနဦး သတင်းများအရ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဟု သိရကြောင်း ရှမ်းမြောက်စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က ပြောသည်။
“မူဆယ်မြို့ ကချင်နှစ်ခြင်းဘုရားကျောင်း ဆုတောင်းတောင်ရှိတဲ့ မန့်မိုင်ဘက်မှာ စတင်ပစ်ခတ်မှု အသံတွေ ကြားနေရပါတယ်။ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးတော့ ဆက်လက် စောင့်ကြည့်နေဆဲပါ။ညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ ဖြစ်တာပါ။ အဲဒီမှာ ကျနော်တို့ သိရသလောက်ဆို AA တပ်ဖွဲ့ဝင်တွေရှိတာပါ” ဟု ဦးဇော်ဆန်က ပြောသည်။
ရှမ်းမြောက်ဒေသခံ အချို့ကလည်း မူဆယ်မြို့အနီး၌ ပစ်ခတ်မှုများရှိနေကြောင်း ယနေ့နံနက်တွင် လူမှုကွန်ရက်မှ တဆင့် အသိပေးထားသည်။
” မန့်မိုင်ကုန်းတကြောမှာကတော့ ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်အပြင် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ KIA တွေရောရှိပါတယ်။ အဖွဲ့ပေါင်းစုံရှိပါတယ်။ မူဆယ်အနီးတဝိုက်ကျတော့။ KIA၊ SSPP၊ TNLA၊ MNDAA၊ AA တပ်ဖွဲ့ဝင်တွေ အကုန်ရှိပါတယ်။အခု တိုက်ပွဲသံကြားရတဲ့နေရာကျတော့ AA တွေ နေရာယူထားတဲ့နေရာအနီးပတ်ဝန်းကျင်မှာ ဆိုတော့ ကျနော်တို့ ကနဦးသိရှိရသလောက်တော့ လောလောဆယ် AA တပ်ဖွဲ့ဝင်တွေနဲ့ ပစ်ခတ်နေတယ်လို့ သိရှိရပါတယ်။ ဒါပေမဲ့ ကျနော်တို့ဘက်က သီးခြား အတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။ တိုက်ပွဲအခြေအနေကိုတော့ ကျနော်တို့ဘက်ကဆက်လက်စောင့်ကြည့်နေဆဲပါ”ဟု ဦးဇော်ဆန်က ပြောသည်။
မူဆယ်မြို့ကို မြောက်ပိုင်းမဟာမိတ်တပ်များက ယခင်ကတည်းက ဝိုင်းရံထားခြင်းဖြစ်သည်ဟုဆိုသည်။
” ဒါပေမဲ့ တရုတ်ရဲ့ဖိအားကြောင့် တရုတ်ဘက်က ပိတ်ပင်တားဆီးမှုကြောင့်သာ ဘယ်အဖွဲ့မှ မူဆယ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ခြင်းမလုပ် သေးတာ”ဟု ဦးဇော်ဆန်က ပြောသည်။
စစ်ကောင်စီတပ်သည် ရှမ်းမြောက်ရှိ တိုင်းရင်းသားတပ်ဖွဲ့များ ထိန်းချုပ်ရာ မြို့ရွာများကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ယနေ့နံနက် အစောတွင် TNLAထိန်းချုပ်ထားသည့် ကွတ်ခိုင် မြို့ကို လေကြောင်း တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။
“လောလောဆယ် သေချာတာက ဒီမနက် ၃နာရီခွဲမှာ ကွတ်ခိုင်ကို စစ်ကောင်စီက သုံးကြိမ် ဗုံးကြဲတိုက်ခိုက်သွားတယ်။ နောက်ဆုံးရထားတဲ့ သတင်းဆို ပြည်သူ တစ်ဦး သေဆုံးတယ်”ဟု ဦးဇော်ဆန်က ပြောသည်။
TNLAအခွန်ဌာနရုံး၌ ကျရောက်ပေါက်ကွဲမှု ရှိသည်ဟု သတင်းကြားရသော်လည်း သီးခြား အတည်ပြုချက် မရသေးပေ။
နိုင်ငံတဝန်း လေကြောင်းသတင်းများ အချိန်နှင့် တပြေးညီဖော်ပြပေးလျက်ရှိသည့် Nas-နပ်စ် ဖေစ်ဘွတ်ခ်စာမျက်နှာတွင် စစ်ကောင်စီက ကွတ်ခိုင်ကို လေကြောင်း တိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့သည့် မှတ်တမ်းကို ဖော်ပြအသိပေးထားသည်။
ယနေ့ နိုဝင်ဘာ ၁ရက် နံနက် ၃နာရီ ၂၈မိနစ်တွင် တစ်ကြိမ်၊ ၃နာရီ ၃၃မိနစ်တွင် တစ်ကြိမ်၊ ၃နာရီ ၃၈မိနစ်တွင်တစ်ကြိမ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ထို့ပြင် TNLA စစ်ရေးသတင်းရင်းမြစ်အချို့ကလည်း ကွတ်ခိုင်လေကြောင်း တိုက်ခိုက်ခံရမှု ရှိကြောင်း အသိပေးထားသည်။
အသေးစိတ် အခြေအနေများကို TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးအား မေးမြန်းရန် ဆက်သွယ်ထားဆဲဖြစ်သည်။
စစ်ကောင်စီတပ်သည် ယနေ့နံနက်တွင် MNDAA ထိန်းချုပ်ထားသည့် သိန္နီကိုလည်းထပ်မံလေကြောင်း တိုက်ခိုက်သည်ဟု သတင်းရရှိထားသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
(ယနေ့နံနက် အစောပိုင်းတွင် TNLAထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ကို လေကြောင်း တိုက်ခိုက်အပြီး တွေ့ရသော အပျက်အစီးများ။ ဓာတ်ပုံ – BBM)
Leave a Reply