တောင်ကုတ်ရှိ စစ်ကောင်စီစခန်း ၄ ခုကို AA တပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်နေ
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ စစ်ကောင်စီစခန်း လေးခုကို အာရက္ခတပ်တော် (AA) ကထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။
စစ်ကောင်စီနှင့် AAတို့သည် ယနေ့ နိုဝင်ဘာ ၄ရက်၊ နံနက် ၆နာရီခန့်က တောင်ကုတ်ချောင်း တစ်ဖက်ကမ်းရှိ ဇီးကိုင်းတောင်ဘုရားအနီး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီက လေကြောင်းမှနေ၍ တိုက်ပွဲဖြစ်ပွားရာအနီး ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး စခန်းများမှနေ၍လည်း ပစ်ကူ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ပန်းမြောက်တောင်၊ တောင်ကုတ်တက္ကသိုလ်ဂိတ်၊ ဇီးကိုင်းတောင်ဘုရားနား၊ ကိုင်းရှည်တံတားဂိတ် တွေမှာ တိုက်ပွဲတွေဖြစ်တယ်။ တောင်ကုတ်မှာ အထပ်မြင့်တိုက်တွေနဲ့ မြို့အဝင် ဝန်ထမ်းအိမ်ရာမှာ လက်နက်ကြီး အထိုင်ချစခန်းတွေရှိတယ်။ မြို့သိမ်းတိုက်ပွဲ စနေပါပြီ” ဟု တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် တောင်ကုတ်တက္ကသိုလ်အနီးရှိ စစ်ကောင်စီတပ်စွဲထားရာ စစ်စခန်းကို ယနေ့ နံနက်ပိုင်းမှစ၍ AA က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ယမန်နေ့ နိုဝင်ဘာ ၃ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီ၏ ကိုင်းရှည်တံတားကာကင်းကို AA က ဒရုန်းဗုံးများဖြင့်တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၃၁ရက်နေ့ ညပိုင်းက ပန်းမြောက်တောင် အမြောက်တပ်ကို AAက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယနေ့ နိုဝင်ဘာ ၄ရက်နေ့ နံနက်ပိုင်းအထိ လက်နက်ကြီး ပစ်ခတ်သံများ ကြားနေရကြောင်း သိရသည်။
Leave a Reply