နိုင်ငံကပုံမှန်အခြေအနေမဟုတ်တဲ့အတွက် လက်နက်ကိုင်မှန်သမျှကိုကြောက်နေရပြီး အထိတ်ထိတ်အလန့်လန့်နဲ့နေ,နေရတယ်လို့ ဒီနေ့ နိုဝင်ဘာ ၁၄ရက်မှာပြုလုပ်တဲ့ ပြည်သူ့ပါတီ ရန်ကုန်၊ ကျောက်တန်းရုံးခန်းဖွင့်ပွဲမှာ ပါတီဥက္ကဌ ဦးကိုကိုကြီးက ပြောပါတယ်။
“လက်နက်ကိုင်အဖွဲ့အစည်းတွေက ဟိုးတုန်းကတော့ တိုင်းရင်းသားဒေသအစွန်အဖျားဒေသတွေမှာပဲ။ အခုကတော့ ကျနော်တို့က မြို့ပြထဲကိုပါ ဒီလိုအခြေအနေဖြစ်လာတော့ ဘယ်သူကအသတ်ခံရပြန်ပြီ၊ ဘယ်မှာတော့ ဗုံးကွဲသွားပြန်ပြီဆိုရင် အဲ့ဒါပုံမှန်အခြေအနေမဟုတ်ဘူး။ဒီဘက်က အစိုးရ စစ်တပ်(စစ်ကောင်စီ)ကလည်းပဲ ပုံမှန်လမ်းတား၊ ကားတားရင်ရပ်ပေးရတယ်၊ ဖုန်းပြဆို ပြရတယ်၊ မှတ်ပုံတင်ပြဆို ပြရတယ်။ ငြိမ်းချမ်းနေတဲ့အခြေအနေမှာ အဲ့ဒီလိုမျိုးမဟုတ်ဘဲနဲ့ အခုလိုအခြေအနေမျိုးမှာ လက်နက်ကိုင်ထားတဲ့သူက ကားတားရင် ရပ်ကိုရပ်ရမယ်၊ မောင်းပြေးလို့ ပစ်ခံရရင်လည်း ကျနော်တို့ပဲခံရတယ်။ အဲ့ဒီတော့ လက်နက်ကိုင်တဲ့သူမှန်သမျှကို ကြောက်နေရတယ်ဆိုရင် အဲ့ဒါပုံမှန်အခြေအနေမဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်းပြောရင် ငြိမ်းချမ်းနေတဲ့ နိုင်ငံတွေတော်တော်များများမှာ လက်နက်ကိုင်မတွေ့ရဘူး။ သူ့ဘာသူ စစ်တန်းလျားမှာပဲနေတာ။ မြို့တွင်းကို ဝင်မယ်ဆိုရင် ဥပမာအားဖြင့် အစိုးရစစ်တပ်တောင်ကမှ မြို့ထဲဝင်မယ်ဆိုရင် လက်နက်အပ်ခဲ့ရတယ်။ လက်နက်နဲ့မဝင်ရဘူး။ အဲ့ဒါပုံမှန်အခြေအနေ။ အခုကျနော်တို့က အထိတ်ထိတ်အလန့်လန့်နဲ့နေနေရတယ်”
အခုလိုပါတီရုံးခန်းဖွင့်တာဟာလည်း လုံခြုံရေးအရစိုးရိမ်ရကြောင်းနဲ့ တာဝါတိုင်တွေဖျက်ဆီးခံရတာ၊ မီးပျက်တာ၊ ကုန်စျေးနှုန်းတက်တာစတာတွေကလည်း ပုံမှန်အခြေအနေမဟုတ်လို့ ဖြစ်ရတာလို့ ဦးကိုကိုကြီးကပြောပါတယ်။
“မကြာသေးခင်ကအိန္ဒိယသွားတယ် အကျင့်ပါပြီး ကျနော် VPN ဖွင့်,ဖွင့်နေတာ သူများနိုင်ငံမှာ VPN ဖွင့်စရာမလိုဘူး။ ရယ်စရာကောင်းပါတယ်။ မီးများပျက်မလားလို့ ပါဝါဘန့် (Power Bank) ဆောင်သွားတယ် တခါမှမသုံးရဘူး။ မီးပျက်တာ မတွေ့ရဘူး”လို့ ဦးကိုကိုကြီးက ဖွင့်ပြောလာပါတယ်။
အခုလို နေ့စဉ်အထိတ်ထိတ်အလန့်လန့်နဲ့ မလုံခြုံတဲ့ဘဝကနေ ကိုယ့်ထမင်းကိုယ်ရှာစားတဲ့ နောက်ကျောလုံလုံနဲ့ ငြိမ်းချမ်းတဲ့ပုံမှန်အခြေအနေရောက်အောင် ပြည်သူတွေနဲ့ နိုင်ငံရေးပါတီတွေအပါအဝင် အားလုံးကြိုးစားရမယ်လို့လည်း ဆိုပါတယ်။
ပုံမှန်အခြေအနေပြန်ရောက်ဖို့အတွက်လည်း လက်ရှိအချိန်မှာ နိုင်ငံရေးပါတီတွေရဲ့အခန်းကဏ္ဍဟာလည်း အင်မတန် အရေးကြီးတယ်လို့ ပါတီရုံးခန်းဖွင့်ပွဲမှာ ဦးကိုကိုကြီးကပြောခဲ့ပါတယ်။
ဦးကိုကိုကြီးရဲ့ မိန့်ခွန်းထဲမှာ အာဏာသိမ်းစစ်ကောင်စီကို အစိုးရလို့သုံးနှုန်းတာကိုလည်း မကြာခဏကြားရပါတယ်။
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ဦးကိုကိုကြီး ဦးဆောင်တဲ့ပြည်သူ့ပါတီဟာ အာဏာသိမ်းစစ်ကောင်စီဆီမှာ မှတ်ပုံပြန်တင်ထားတဲ့ နိုင်ငံရေးပါတီတွေထဲက တစ်ခုဖြစ်ပြီး ရွေးကောက်ပွဲဝင်ဖို့ကြိုးစားနေတာလည်း ဖြစ်ပါတယ်။
မကြာခင်ကလည်း စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီနဲ့အတူ အိန္ဒိယနဲ့တရုတ်နိုင်ငံ ခရီးစဉ်ကိုသွားရောက်ထားပါသေးတယ်။
ဓါတ်ပုံ- ၂၀၂၄၊ နိုဝင်ဘာ ၁၄ရက်ကပြုလုပ်သည့် ည်သူ့ပါတီ ကျောက်တန်းရုံးခန်း ဖွင့်လှစ်ပွဲတွင် မိန့်ခွန်းပြောနေသည့် ဦးကိုကိုကြီး
Leave a Reply