သာယာဝတီနှင့် ရေစကြိုရှိ စစ်တပ် အထိုင်ချ တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ
ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ ရင်းတိုက်ကုန်းရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သာယာဝတီခရိုင် ပကဖ စစ်ရေးတာဝန်ခံ ရဲဘော်သစ္စာက ပြောဆိုသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၊ ၁၂ နာရီ ၃၀ မိနစ်ခန့်နှင့် ၂ နာရီ ၁၅ မိနစ်ခန့်တွင် ရင်းတိုက်ကုန်းရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် ပကဖ ဒရုန်း တိုက်ခိုက်ရေးတပ်ဖွဲ့က ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
“ဒရုန်းနဲ့ ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေ ထိခိုက်သေဆုံးမှုရှိပေမယ့် အရေအတွက်တော့ အတည်မပြုနိုင်သေးဘူး” ဟု သာယာဝတီခရိုင် ပကဖ စစ်ရေးတာဝန်ခံ ရဲဘော်သစ္စာက ပြောဆိုသည်။
အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဂွေးချိုရွာရှိ ပျူစောထီးများကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Shwe Nyar Myae PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။
နိုဝင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ရေစကြိုမြိုနယ်၊ ဂွေးချိုပျူစောထီးရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသည့် ဘန်ကာ အနီးကို ကျရောက် ပေါက်ကွဲခဲ့ပြီး ဘန်ကာများ ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် စစ်စခန်းအတွင်းရှိ ကား ၁ စီးလည်း ပျက်စီးခဲ့ပြီး စစ်သားနှင့် ပျူစောထီးများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ၊ Young Force UG၊ ဒေါင်းသွေးနီ နှင့် Shwe Nyar Myae PDF တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီးကျောက်လှေခါးကျေးရွာရှိ စစ်ဂိတ်စခန်းက စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
Leave a Reply