အောက်တိုဘာလအတွင်း တောင်ပိုင်းစစ်ဒေသ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား (၉၄) ယောက် သေ

အောက်တိုဘာလအတွင်း တောင်ပိုင်းစစ်ဒေသ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား (၉၄) ယောက် သေပြီး (၁၀၈) ယောက် ဒဏ်ရာရကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ အောက်တိုဘာလ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား (၉၄) ယောက် သေဆုံးပြီး (၁၀၈) ယောက် ဒဏ်ရာရကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။

တောင်ပိုင်းစစ်ဒေသနယ်မြေမှာ အောက်တိုဘာလအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကောင်စီနဲ့ စခန်းသိမ်းတိုက်ပွဲ (၄) ကြိမ်အပါအဝင် ထိတွေ့တိုက်ပွဲပေါင်း (၆၈)ကြိမ်၊ စကစသတင်းပေးဒေါက်တိုင်တွေကို ရှင်းလင်းတိုက်ခိုက်မှု (၈)ကြိမ်၊ စစ်ကောင်စီတပ် စခန်းတွေရဲ့ စစ်ကြောင်းတွေကို ဒရုန်းနဲ့ တိုက်ခိုက်မှု (၅၇)ကြိမ်၊ စစ်ကောင်စီစစ်ကြောင်းတွေကို မိုင်းဆွဲတိုက်ခိုက်မှု (၂၁) ကြိမ်နဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု၊ မိုင်းဆွဲတိုက်ခိုက်မှု၊ စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်မှုများစွာကို ဖော်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က သေဆုံးသူနဲ့ ထွက်ပြေးသူ များပြားပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်း ရရှိခဲ့ကာ အဲ့ဒီစခန်းတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့က နယ်မြေရှင်းလင်းရေးဆောင်ရွက်ပြီး ဝင်ရောက်တပ်စွဲ နေရာယူသိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား (၉၄) ယောက် သေဆုံးပြီး (၁၀၈) ယောက် ဒဏ်ရာရကာ စခန်းသိမ်းတိုက်ပွဲတစ်ခုအတွင်း အလံဖြူပြအလင်းဝင်လာသူ (၁၇) ယောက်ကိုလည်း ဥပဒေနဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ တောင်ပိုင်းစစ်ဒေသက ဆိုပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဆီက လက်နက်ကြီး (၈) လက်၊ လက်နက်ငယ် (၃၉) လက် နဲ့ ခဲယမ်းတွေ၊ လက်ပစ်ဗုံးတွေ၊ နင်းမိုင်းနဲ့ ဆွဲမိုင်းတွေ သိမ်းဆည်းရရှိခဲ့ပြီး၊ တော်လှန်ရေးပူးပေါင်းတပ်ဘက်ကလည်း ပျက်စီးဆုံးရှုံးမှုအနည်းငယ် ရှိခဲ့သလို ရဲဘော် (၁၃) ယောက် တိုင်းပြည်အတွက် အသက်ပေးလှူသွားပြီး (၆၃) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေအတွင်း တိုက်ပွဲမဖြစ်ပွားဘဲ ဒရုန်းဗုံးသီးတွေ ကြဲချခြင်း၊ လက်နက်ကြီးနဲ့ နေ့စဥ်ရမ်းသမ်းပစ်ခတ်ခြင်း၊ လေကြောင်းက တိုက်ခိုက်ခြင်းနဲ့ ပြည်သူတွေကို အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခြင်းတို့ကြောင့် အောက်တိုဘာလအတွင်း အပြစ်မဲ့ပြည်သူ (၈) ယောက် သေဆုံးပြီး (၄၉) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ (၂၂၉) ယောက် မတရားဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲတွေကို တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တွေ၊ LDF တွေ၊ KNLA,KNDO၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ်(AD)ပူးပေါင်းတပ်ဖွဲ့တွေ ဒရုန်းပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်းပြီး စစ်ဆင်ရေးတွေကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *