မန္တလေးမြို့ တည်းခိုခန်းမှာ အမျိုးသမီးတစ်ဦး အသတ်ခံရမှု

မန္တလေးမြို့ တည်းခိုခန်းမှာ အမျိုးသမီးတစ်ဦး အသတ်ခံရမှု တရားခံပေါ်ဖို့ နီးစပ်သူတွေ ဆုတောင်း

အာဏာသိမ်း စစ်အုပ်စုက ငွေမရနိုင်တဲ့ အမှူတွေကို ကိုင်တွယ်ဖြေရှင်းတာ မရှိတော့၊

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၆ လမ်း၊ လမ်း ၇၀ နဲ့ ၇၁ လမ်းကြားက တည်းခိုခန်းတစ်ခုမှာ နိုဝင်ဘာလ ၁၁ရက်က အသက် ၂၇နှစ်အရွယ် အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရကာ ဖုန်းနဲ့ ပါသမျှပစ္စည်း လုယက်ခံရမှုနဲ့ ပတ်သက်ပြီး စစ်အုပ်စုဘက်က တရားခံဖော်ထုတ် အရေးယူပေးဖို့ ဆုတောင်းတယ်လို့ သေဆုံးသူနဲ့ နီးစပ်သူတွေက ပြောပါတယ်။

နိုဝင်ဘာလ ၁၁ရက် ညနေ ၄နာရီဝန်းကျင်က အဲ့ဒီ တည်းခိုခန်းကို သေဆုံးသူ အမျိုးသမီးနဲ့ အမျိုးသားတစ်ဦးတို့ ရောက်ရှိလာပြီး အချိန်ပိုင်း တည်းခိုခဲ့တယ်လို့ ဆိုပါတယ်။ ညနေ ၆နာရီဝန်းကျင်မှာ အမျိုးသား တစ်ဦးတည်း အခန်းထဲက ထွက်လာပြီး တစ်ညလုံး တည်းခိုမယ်လို့ ပြောဆိုကာ အပြင်ပြန်ထွက်သွားပြီးနောက် ပြန်ရောက်မလာလို့ တည်းခိုခန်း ဝန်ထမ်းတွေက ည ၇နာရီကျော်အချိန် အခန်းကို စစ်ဆေးကြည့်ရှု့ရာ အမျိုးသမီးဟာ အဝတ်ဗလာ၊ ဒဏ်ရာတွေနဲ့ အခန်းတွင်း သေဆုံးနေတာ တွေ့ရတယ်လို့ စစ်အုပ်စု ရဲမှတ်တမ်းတွေကို ကိုးကားပြီး စစ်လော်ဘီတွေက ဖော်ပြပါတယ်။

သေဆုံးသူ အမျိုးသမီးဟာ အပေါ်ပိုင်း အဝတ်ဗလာ ဖြစ်နေပြီး ထိုးကြိတ်ကန်ကြောက် ဒဏ်ရာတွေအပြင် ပါးချိတ်အောက် ထိုးသွင်းဒဏ်ရာ၊ မေးရိုး ပြုတ်ထွက် ဒဏ်ရာနဲ့ သေဆုံးနေတာလို့ စစ်လော်ဘီတွေက ဆိုပါတယ်။

သေဆုံးသူဟာ စစ်ကိုင်းတိုင်း၊ တမူးမြို့၊ မြို့မ ၁၄ ရပ်ကွက်နေ အသက် ၂၇ နှစ်အရွယ် အမျိုးသမီး ဖြစ်ပြီး အသတ်ခံရချိန်မှာ ဖုန်းနဲ့ ပါလာသမျှ ငွေကြေးနဲ့ပစ္စည်းတွေ လုယက်ခံလိုက်ရတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

အဲ့ဒီ အမျိုးသမီးရဲ့ အလောင်းကို မဏီစလ လူမူ၊နာမှု ကူညီရေးအသင်း – မန္တလေးက ဆေးရုံကို ပို့ပေးခဲ့ပြီး သေဆုံးသူရဲ့ မိသားစုဝင်တချို့ လာရောက်ကာ နိုဝင်ဘာလ ၁၃ရက်က နာရေးပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီ သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး စစ်အုပ်စု ရဲတွေက အမှုမဖွင့်စေလိုဘဲ ရဲကရော တည်းခိုခန်းဘက်ကရော တာဝန်ယူ ဖြေရှင်းပေးလိုတဲ့ သဘော မတွေ့ရသလို သေဆုံးသူရဲ့ မိဘတွေကလည်း အမှုမဖွင့်ထားဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေထံကတဆင့် သိရကြောင်း သေဆုံးသူရဲ့ မိတ်ဆွေတစ်ဦးက ပြန်ပြောပါတယ်။

“တရားခံပေါ်ဖို့ တာဝန်ယူမူ မရှိလို့ အမှုမှန်ပေါ်အောင် တတ်နိုင်တဲ့သူတွေက လုပ်ပေးစေချင်တာ။ နောက်လူတွေ မဖြစ်အောင်ပေါ် ကူညီနိုင်သူတွေ ကူညီကြပါ” လို့ သေဆုံးသူရဲ့ မိတ်ဆွေ အမျိုးသမီးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မန္တလေးတိုင်းထဲက စစ်အုပ်စု လက်အောက်ခံ ရဲတွေဟာ သူတို့အတွက် ငွေမရနိုင်တဲ့ အမှုတွေကို ကိုယ်တွယ်ဖြေရှင်းတာ မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ လတွေအတွင်း မန္တလေးမြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ နေအိမ်ထဲမှာ မိသားစုလိုက် လူယက်သတ်ဖြတ်ခံရမှု အပါအဝင် မတ္တရာ၊ အမရပူရ၊ ကျောက်ဆည် စတဲ့ နယ်တွေမှာ ဖြစ်ပွားတဲ့ ကျောင်းထိုင်ဘုန်းကြီးကို သတ်ပြီး လုယက်မှု လိုမျိုး အမှုတွေ တရားခံ မပေါ်သလို လူသတ်မှု၊ လုယက်မှု၊ ဓားပြမှု ဖြစ်စဉ်အများစုကို စစ်အုပ်စုက ကိုင်တွယ် ဖြေရှင်းဆောင်ရွက်တာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးမြို့လယ် တည်းခိုခန်းတစ်ခုမှာ သတ်ဖြတ်ခံရတဲ့ အမျိုးသမီးရဲ့ အလောင်းနဲ့ နာရေးကို တွေ့ရစဉ်/Photo – CJ


Comments

Leave a Reply

Your email address will not be published. Required fields are marked *