အမ်းမြို့ နပခ နှင့် ၂ ဖာလုံ အကွာတွင် အနီးကပ်တိုက်ပွဲပြင်းထန်၊ ရဲ​စခန်းမှ ရဲ ၄ ဦးထွက်​ပြေး

အမ်းမြို့၊ အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နှစ်ဖာလုံအကွာတွင် AA ဘက်ကထိုးစစ်ဆင်မှုကြောင့် အနီးကပ်တိုက်ပွဲပြင်းထန်​နေ​ကြောင်း စစ်ရေး သတင်းရင်းမြစ်ထံက သိရသည်။

အမ်း-စစ်​တွေ ကားလမ်း​ပေါ် ရှိ နပခမှ နှစ်ဖာလုံအ​ကျော် ဆင်တိုး​ကျေးရွာတွင် (ယမန်​နေ့ နိုဝင်ဘာလ ၁၅ ရက်)က စကာ နှစ်ဖက်တိုက်ပွဲပြင်းထန်​​နေသည်။

တရက်တည်းပင် နပခမှ တမိုင်နှင့်​လေးဖာလုံအကွာ အမ်း-မအီလမ်းဆုံ​ရှိ ကျော်စံစက်သုံးဆီဆိုင်(KS Petrol)အနီးတွင်လည်း နှစ်ဖက်တိုက်ပွဲပြင်းထန်​နေ​ကြောင်းအမ်းမြို့သတင်းရင်းမြစ်က​ပြောသည်။

“မ​နေ့ကအထိ အနီးကပ် ရင်ဆိုင်တိုက်ပွဲဖြစ်​နေတာ။ နပခနဲ့​တော်​တော်နီး​နေပြီ။ လော​လောဆယ် နပခဘက်က ပစ်တဲ့ လက်နက်ကြီး​​ရော AA ဘက်က ပစ်တဲ့ လက်နက်ကြီးအသံလည်းတိတ်သွားပြီ။ လက်နက်ငယ်သံ​တွေပဲ ကြားရတယ်။ လေ​ကြောင်းက စစ်​ကောင်စီက Y-12 ​ရော ဂျက်ဖိုက်တာ​ရော ဒရုန်း​ရော ​နေ့စဥ်မပြတ်ပစ်တယ်” ဟု ၎င်းက ပြောသည်။

တိုက်ပွဲထိ​တွေ့မှုမရှိ​သေးသည့် အမ်းမြို့မရဲစခန်းမှ ​တပ်ကြပ်စာ​ရေးအပါအဝင် ရဲတပ်သား လေးဦးမှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်​နေ့က ​တောလမ်းမှတဆင့်ထွက်​ပြေးသွား​ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက​ပြောသည်။

“AA က ဆီ အဖမ်းခံရမှာကြောက်လို့ ထင်တယ်။အဲ့ဒီ​နေ့က တရက်တည်း ပြေးကြတာ။ အမ်းရဲစခန်းမှာနာမည်ဆိုးနဲ့ လူသိများတဲ့အမ်းမြို့မ စခန်းမှူး/ဒုရဲမှူး မျိုးကြည် လက်သပ် မွေးထားတဲ့ ဂတ်စာရေး တပ်ကြပ်ကြီးရဲဆွေလည်း ပြေးတဲ့အထဲမှာ ပါသွားပြီ ။ သူတို့အထဲက​ တိုးတိုးတိတ်တိတ်ဆက်သွယ်လာတာ သူတို့​​ပြေး​နေကြတုန်းပဲ။ လေးရက်​လောက်ကြာမယ်”ဟု၎င်းက​ပြောသည်။

အဆိုပါ အမ်းမြို့မရဲစခန်းကို AA က ထိုးစစ်ဆင်ခြင်းမရှိ​သေး​သော်လည်း ရဲစခန်းအနီးရှိ စစ်​ကောင်စီလက်​အောက်ခံ ဌာနဆိုင်ရာအ​ဆောက်အုံအချို့တွင် AA က​နေရာယူထားပြီးဖြစ်​ကြောင်း​​ဒေသခံများ၏ အဆိုအရ သိရသည်။

လက်ရှိ အမ်းမြို့တွင် အပြင်စည်းဖြစ်သည့် မဲ​တောင်ဗျူဟာကုန်း၊​ တောဟိန်း​တောင်ဗျူဟာကုန်းကြီးများ၊ ကာကင်းစခန်းများအပြင် တပ်ရင်း၊ တပ်ဖွဲ့ ရှစ်ခုကို အာရက္ခတပ်​​တော်(AA)ကသိမ်းပိုက်ထား​ကြောင်း AA ကထုတ်ပြန်ထားသည်။

ကျန်ရှိ နေသေးသောစခန်းများဖြစ်သည့် နပခ-အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊အမှတ် (၃၇၁) ခြေမြန်တပ်ရင်း၊အမှတ် (၃၇၂) ခြေမြန်တပ်ရင်း၊ လလစ (၇၅၇/၂) – အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ၊အမှတ် (၉) ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း၊ အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် (၁၀) တပ်ထိန်းတပ်ခွဲနှင့် အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိ​​ကြောင်း တဆက်တည်းထုတ်ပြန်​ကြေညာထားသည်။

ထို့အပြင် သိမ်းပိုက်ရရှိထားပြီးသောစခန်းများမှ ထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိသောကြောင့် အမ်း၊ နပခဌာနချုပ်ရှိရာ အနီးနားပတ်ဝန်းကျင်၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ​ကြောင်း AA ကဆိုသည်။

လက်ရှိရခိုင်ပြည်နယ်တွင် အမ်းမြို့အပါအဝင် ​မောင်​​တော(နခခ-၅)၊ဂွမြို့နှင့်​တောင်ကုတ်မြို့တို့တွင် နှစ်ဖက်တိုက်ပွဲပြင်းထန်​နေပြီး စစ်​ရေးတင်းမာဆဲဖြစ်သည်။

ပုံအညွှန်း-သိမ်းပိုက်ထားသည့်စစ်​​ဆေးရုံအ​ရှေ့ရှိအာရက္ခတပ်​​တော်(AA)စစ်သည်များ


Comments

Leave a Reply

Your email address will not be published. Required fields are marked *