ဆင်းရဲခြင်းကို အသုံးချနေတဲ့စစ်သားသစ်စု​ဆောင်းမှု

မိန်းမယူပြီး တစ်နှစ်အကြာ အလုပ်အကိုင်အဆင်မပြေတဲ့အချိန်မှာ ဒီအလုပ်ကိုသူမလုပ်ချင်​ပေမယ့်လည်း ငွေမျက်နှာတစ်ခုတည်းနဲ့ လုပ်ခဲ့တာပါလိုသူကဖွင့်ဟပါတယ်။

လတ်တ​​လော​ငွေလိုတာ​ကြောင့်​ငွေယူပြီးစစ်သားသစ်အဖြစ်လိုက်ခဲ့​ပေမယ့် စစ်အာဏာရှင်စနစ်ကိုရွံ့မုန်းတာမို့ထွက်​ပြေးပြီး PDFဖြစ်လာတဲ့လူငယ်တဦးကသူအ​တွေ့အကြုံကိုမျှ​ဝေထားပါတယ်

အသက် ၂၇ အရွယ် ကိုအောင်ကြီး(အမည်လွှဲ) က သစ်ရိပ်ဝါးရိပ်အုံးဆိုင်းနေတဲ့ တောအုပ်ကြီးထဲမှာ ကင်းစောင့်နေပါတယ်။ တောအုပ်ကြီးရဲ့ အလယ်မှ မုံရွာ-ပုသိမ်ကားလမ်းကြီး ရှိနေပါတယ်။ ဒီကားလမ်းကြီးပေါ်မှာ တခါတရံ ဆိုင်ကယ်သံတွေ၊ ကားသံတွေကြားတိုင်း ဆက်သွယ်ရေးစက်နဲ့ သူ့တပ်ဖွဲ့ကို သတင်းပို့နေပါတယ်။

ကျစ်လစ်ခိုင်ခံနဲ့ မျက်နှာပေးနဲ့ ကိုယ်လုံးကိုဖန်ကောင်းတဲ့ ကိုအောင်ကြီးတစ်ယောက် သေနတ်တွေ၊ စစ်ဝတ်စစ်စားတွေနဲ့ တိုက်ခိုက်ရေးရဲဘော်တစ်ယောက် ဟန်ပန်အပြည့်ပါပဲ။ ရေ မချိုးတာ ကြာပြီဖြစ်သော်လည်း သူရဲ့ မျက်လုံးတွေက ကြည်လင်တောက်ပနေပါတယ်။

သူကတော့ သူ့ဇာတိရွာက ​ငွေ​ကြေးချမ်းသာသူတစ်ဦး ကိုယ်စား စစ်မှုထမ်းဖို့ စုဆောင်းခံရပြီး​တော့ စစ်သားစုဆောင်းရေးတပ်ကနေ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်​တွေ (PDF​)ဆီကို ထွက်ပြေးလွတ်မြောက်လာသူဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့သူလည်း PDF ရဲဘော်တစ်ယောက်ဖြစ်လာပါတယ်။

သူတို့ရွာက သူဌေးက အသက် ၁၉ နှစ်အရွယ်သားဖြစ်သူကိုယ်စား ကိုအောင်ကြီးကို ငွေကျပ် သိန်း ၄၀နဲ့ လူစားထိုးခဲ့တာပါ။

“မိန်းမကလည်း မီးဖွားဖို့ စရိတ်လိုနေတာမို့ဒီအလုပ်ကိုလုပ်လိုက်တာပါ။”ဟု ကိုအောင်ကြီးကပြောပါတယ်။

မိန်းမယူပြီး တစ်နှစ်အကြာ အလုပ်အကိုင်အဆင်မပြေတဲ့အချိန်မှာ ဒီအလုပ်ကိုသူမလုပ်ချင်​ပေမယ့်လည်း ငွေမျက်နှာတစ်ခုတည်းနဲ့ လုပ်ခဲ့တာပါလိုသူကဖွင့်ဟပါတယ်။

သူ့ကို စစ်ကောင်စီတပ်သားတွေထံ အုပ်ကြီးလို့​ခေါ်တဲ့ ရွာအုပ်ချုပ်ရေးမှူးက အခြားရွာသား ၃ ဦးနဲ့ အတူထည့်ပေးလိုက်တာပါ။ သူဟာ စစ်သားစုဆောင်းရေးတပ်မှာ နှစ်ပတ်လောက်နေထိုင်ရပြီး ​တော့ စစ်သင်တန်းတက်ဖို့ သင်တန်းကျောင်းကို ပို့တဲ့ အချိန်မှာ ကားပေါ်က ခုန်ချထွက်ပြေးလွတ်​မြောက်ခဲ့တာပါ။

အဲ့ဒီနောက်မှာ သူဟာ သူ့ မိတ်ဆွေနဲ့တစ်ဦး အကူအညီနဲ့ PDF ခရိုင်တပ်ရင်းတခုကို ဆက်သွယ်ရောက်ရှိခဲ့ပါပြီ။တော်လှန်ရေး ၃ နှစ်ကျော်ကြာမြင့်လာတဲ့အချိန်မှာ စစ်အုပ်စုဟာ နိုင်ငံတဝန်း​တော်လှန်​ရေးတပ်ဖွဲ့​ပေါင်းစုံရဲ့ ဇွဲသန်သန်နဲ့ တိုက်ခိုက်မှု​ကြောင့် ​သေဆုံးဒဏ်ရာရသူ ၊ထွက်​ပြေးသူ ၊ အလင်းဝင်သူ ​တွေများလာပြီး တပ်သားလိုအပ်ချက် မြင့်မားလာပါတယ် ။

စစ်အာဏာမသိမ်းခင်ကလို စစ်တပ်ထဲဝင်​ရောက်သူဟာလည်း အဏာသိမ်းပြီး​နောက်ပိုင်း အလွန်နည်းပါးတာ​ကြောင့် စစ်​ကောင်စီဟာ ၂၀၂၄ ခုနှစ်​ဖေဖော်ဝါရီ လမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီး​တော့ အသက် ၁၈ နှစ် နဲ့ ၃၅ နှစ်အတွင်းလူငယ်တွေကို အဓမ္မစစ်မှုထမ်းခိုင်းပါ​တော့တယ်။

စစ်သားသစ်စု​ဆောင်းတဲ့အခါ အုပ်ကြီးအများစု ကျင့်သုံးတဲ့နည်းက မဲဖောက်ပြီး ရွေးခေါ်နေတာပါ။ဒါ​ပေမယ့် အုပ်ကြီး​တွေနဲ့ နီးစပ်သူ စစ်တပ်၊စစ်​ကောင်စီနဲ့ နီးစပ်သူ​တွေ​ရဲ့ သားသမီး​​တွေ​တော့မပါဝင်ပါဘူး။ မဲပေါက်တဲ့ လူငယ်တွေ စစ်မှုမထမ်းချင်တဲ့အခါ သူတို့အစား စစ်တပ်ထဲ လိုက်နိုင်သူကို ငွေ​ပေးပြီး လူငှားကာ အစားထည့်တဲ့နည်းလမ်းသုံးလာကြပါတယ်။

ဒီလိုနဲ့စစ်ကောင်စီအုပ်ချုပ်ရေးမှူးတွေကြားမှာလူငှားဈေးကွက်တစ်ခုဖြစ်နေလာပါ​တော့တယ်။

ဒီဈေးကွက်ဟာ ကျပ် သိန်း ၂၀ ကနေ သိန်း ၁၀၀ ကျော်အထိပေါက်ဈေးရှိနေပါတယ်။ ဒီဈေးနှုန်းတွေကလည်း ဒေသအလိုက်ပေါက်ဈေးအမျိုးမျိုးဖြစ်တယ်လို့ ဒေသခံတွေထံကသိရပါတယ်။ တချို့နေရာမှာဆိုရင် မဲမနှိုက်တော့ဘဲ ရွာက ငွေစု​ပေးပြီး စစ်သားသစ်လုပ်နိုင်မဲ့ လူငယ်တွေကို ပေးတာရှိပါသေးတယ်။

“ရွာမှာတော့တစ်အိမ်ကို တစ်လ နှစ်သောင်းကောက်ပြီး စစ်မှုထမ်းမယ့်သူတွေကို ပေးပါတယ်။ ဆင်းရဲတဲ့ မိသားစုတွေက ဒီငွေကို မက်ပြီး စစ်မှုထမ်းဖို့ ရွေးချယ်ကြတယ်လေ”လို့မကွေးတိုင်း၊တောင်တွင်းကြီးမြို့နယ်၊ကျေးရွာတစ်ခုမှ ရွာသားတဦးကပြောပါတယ်။ သူက စစ်မှုထမ်းဖို့ ငွေကြေးယူပြီး ရွာက ထွက်ပြေးခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေအရ စစ်သားစုဆောင်းမှုဟာ လူဦးရေ နှစ်သောင်းကျော်သွားပြီဖြစ်တယ်လို့ ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှုဖော်ပြထားပါတယ်။

စစ်ကောင်စီက စစ်သားလိုအပ်ချက်ပြည့်မှီဖို့ စစ်မှုထမ်းအပတ်စဉ် ၁ ကနေ ၅ အထိ နိုင်ငံတဝန်းက သင်တန်းကျောင်း ၂၃ ခုမှ ဖွင့်လှစ်ခဲ့တယ်လို အထက်ပါအစီရင်ခံစာမှ သိရပါတယ်။

ဒီသင်တန်းကျောင်းတွေက မန္တလေးမှာတင် ၄ကျောင်းရှိကာ မွန်၊ စစ်ကိုင်း၊ ရန်ကုန်၊ ပဲခူး ၊ဧရာဝတီတိုင်းတို့မှ နှစ်ကျောင်းစီနဲ့ မကွေးနဲ့တနင်္သာရီတို့မှ တစ်ကျောင်းစီဖွင့်လှစ်ထားပါတယ် ။ အပတ်စဉ် ၅ခုကို ဖွင့်လှစ်တာလို့ သိရပါတယ်။ သင်တန်းကျောင်းတခုမှ သင်တန်းသား ၂၀၀ ခန့်စီရှိတယ်လို့လည်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။ အခုအခါမှာ အပတ်စဥ် ၆ သင်တန်းဖွင့်ဖို့ စစ်သားသစ်စု​ဆောင်း​နေတယ်လို့လည်း​ဆိုပါတယ်။

စစ်ကောင်စီက စစ်သားစုဆောင်းတဲ့အခါကျေးရွာတစ်ရွာကို လူငယ် ၂ ယောက် အနည်းဆုံးတောင်းဆိုပါတယ်။ သူတို့တောင်းခံတဲ့ ရွာတွေကတော့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ မကွေးတိုင်းတို့က အများဆုံးဖြစ်တယ်လို့ သု​တေသနဌာနတွေကဆိုပါတယ်။ ဒီလိုတောင်းခံတဲ့နေရာတွေ လူငယ်တွေကို ပေါ်တာဆွဲတာ ၊မဲဖောက်ပြီး လူခွဲတာတွေလုပ်ပါတယ်။

မကွေးတိုင်းထဲက လူငယ်တစ်ယောက်ဆိုရင် စစ်မှုထမ်းဖို့ မဲပေါက်ပြီးတဲ့နောက် သူတို့ရွာကို ကာကွယ်ရေးတပ်တွေက ထိန်းချုပ်လို့ စစ်မှုမထမ်းရပါဘူး။ ဒါပေမယ့် သူကိုထောက်ပံ့ဖို့ရွာက ကောက်ခံထားတဲ့ ငွေ သိန်း ၁၀၀ ကျော်ကိုတော့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးက ယူပြီးထွက်ပြေးသွားပါတယ်။

ဒီလိုဈေးကွက်ဖြစ်နေတာမို့ တချို့လူငယ်တွေက ငွေကိုမက်ပြီး စစ်မှုထမ်းဖို့ လိုလိုလားလုပ်လာတဲ့သူတွေရှိတယ်လို့ မကွေးတိုင်းထဲက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ယောက်ပြောပါတယ်။

“တချို့က ငွေလိုချင်လို့ လိုက်ချင်တယ်လို့ပြောတဲ့ လူငယ်တွေရှိပါတယ်”လို သူကပြောပါတယ်။

ကျေးရွာတွေမှာတော့ ရွာက ငွေစုပြီး လူငှားတဲ့အခါ ရွာသားအချင်းချင်းအပြင် အခြားရွာက သူတွေကိုပါ ငှားရမ်းကြတယ်လို့သူကပြောပါတယ်။

ဧရာဝတီတိုင်းထဲက မနိုင်(အမည်လွှဲ)ကတော့ အသက် ၂၁ အရွယ် သူ့သား အငယ်ဆုံးကို စစ်မှုထမ်းဖို့ မဲပေါက်တဲ့အတွက် သူ့ပိုင်ဆိုင်တဲ့ လယ်နဲ့ စက်ပစ္စည်းတွေကို ရောင်းချပြီး လူငှားရှာခဲ့ရတယ်လို့ သူကပြောပါတယ်။

“သားသမီး ၃ ယောက်ထဲက အငယ်ဆုံးသားလေးလေ။ သူကို အုပ်ကြီး (အုပ်ချုပ်ရေးမှူး)က စစ်မှုထမ်းရမယ်လို့ ပြောတော့ ကျွန်မဖြင့် မပဋာမြေလူးပဲ။ သတင်းတွေထဲမှာ စစ်သားတွေ သေနေတာကြည့်ရတာကိုး ကျွန်မသားလေးသာ အဲ့လိုဆိုရင် ရင်ကျိုးရမှာပဲ။ ဒါကြောင့် ကုန်ချင်သလောက်ကုန်ပါစေပြီး အုပ်ချုပ်ရေးမှူးကို ငွေပေးပြီး ဒီလိုလုပ်ခဲ့ရတာပါ”လို့သူက ပြောပါတယ်။

ဒါကြောင့် ကျပ်သိန်း ၈၀ ခန့်​ပေးပြီး​တော့ လူစားထိုးခဲ့ရတယ်လို့ သူကပြောပါတယ်။ လူစားထိုးခံရတဲ့ လူကလည်း လိုလိုလားလား လက်ခံတာလို့လည်း သူကဆိုပါတယ်။

စစ်တပ်အာဏာသိမ်းတာကြောင့် နိုင်ငံ့စီးပွားရေးပျက်စီးသွားပြီး စားဝတ်နေရေး ခက်ခဲနေတဲ့ အချိန်မှာ ဒီလို ငွေကြေးနောက်လိုက်တဲ့ လူငယ်တွေကို အပြစ်မတင်ဘူးလို့ ရန်ကုန်မြို့အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

“ဆင်းရဲခြင်းကပဲ စစ်ကောင်စီအတွက် အသုံးချခံဖြစ်သွားတာပါ။ တကယ်တော့ သူမှစစ်တပ်ကို ထောက်ခံလိုစိတ် မရှိကြပါဘူး။”ဟု သူကဆိုပါတယ်။

စစ်​ကောင်စီက စစ်သားသစ်အဖြစ် စု​​​ဆောင်းစစ်သင်တန်း​ပေးပြီး ​ရှေ့တန်းတိုက်ပွဲ​တွေကို လွှတ်စစ်တိုက်ခိုင်းတာ​ကြောင့် ​​သေတဲ့သင်တန်းဆင်းစစ်သား​သစ်တွေမနည်းမ​နောရှိ​နေပြီလို့ ​ပြည်သူ​တွေ နဲ့ တော်လှန်​ရေးအဖွဲ့​တွေက ​ပြောပါတယ် ။

ရခိုင်ပြည်နယ် ​မောင်​တောမြို့နယ်အတွင်းကတိုက်ပွဲ​တွေ ၊ သံတွဲမြို့နယ် ​မောင်​ရွှေ​လေး​ရေတပ်စခန်းသိမ်းတိုက်ပွဲ​တွေမှာ သင်တန်းဆင်း စစ်သားသစ်​တွေ အများအပြားပါဝင်သေဆုံးခဲ့သလို ၊ဖမ်းဆီးရရှိသူ​တွေလည်းရှိ​တယ်လို့ အာရက္ခတပ်​တော် (AA)ကထုတ်ပြန်ထားပါတယ် ။

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ ၊​အောင်​ဇေယျ စစ်​ကြောင်းမှာ ၊ရှမ်းပြည်နယ်​တောင်ပိုင်းတိုက်ပွဲ​တွေမှာ၊ ကရင်နီစစ်​ကြောင်းထိုးတဲ့ တိုက်ပွဲ​တွေမှာသင်တန်းဆင်းစစ်သားသစ်​တွေအများအပြားပါဝင်သလို ၊​သေဆုံးဒဏ်ရာရတာ ၊ထွက်​ပြေးတာ၊အလင်းဝင်တာ​တွေလည်း အများအပြားရှိတယ်လို့ ​တော်လှန်​ရေးအဖွဲ့​တွေက​ပြောပါတယ် ။

ရန်ကုန်မြို့ ဆင်​ခြေဖုံးမြို့နယ်က ပြည်သူတဦးကသူ့ညီဟာ ပထမဆုံးစစ်သင်တန်းပို့တက်ပြီးရခိုင်ပြည်နယ် ပို့လိုက်တာမှာ အဆက်အသွယ်မရ​တော့ဘူးလို့​ပြောပါတယ် ။

ဧရာဝတီတိုင်း ၊ဟင်္သာတမြို့နယ်၊နတ်မော်ကျေးရွာမှ ဒေသခံတဦးကလည်း “စစ်သင်တန်းတက်စက ဆက်သွယ်လို့ရတယ်။ အခုက ဘယ်လိုမှ ဆက်လို့မရတော့တာ။ စစ်တပ်ဘက်ကလည်း ဘာမှအကြောင်းမကြားတော့ဘူး။ အုပ်ကြီး(ရပ်ကွက်အုပ်ချုပ်ရေးမှူး)ကလည်း ဘယ်လိုမေးမေး ဂရုမစိုက်တော့ဘူး” လို့ သူ့အ​တွေ့အကြုံကိုဖွင့်ဟပါတယ်။

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့မှ မိခင်တဦးကလည်း”ကျမသားက မဲနှိုက်လို့ပေါက်တဲ့သူ‌​တွေအစား လိုက်ရတာ။ သိန်း ၂၀ရတယ်။ ပထမတော့ ဖုန်းဆက်လို့ရတယ်။ အခု မရတာ ၂လကြာပြီ။ စစ်တပ်ထဲ သွားမေးတာ တပ်ဂိတ်ပေါက်ဝကနေ ပြန်လွှတ်တယ်”လို့ဆိုပါတယ် ။

ကိုအောင်ကြီးကတော့ သူ့ကို ကျေးရွာက သုံးယောက်ကို ရွာက ငွေစုပြီး တစ်ယောက်ကျပ်သိန်း၄၀ နဲ့ငှားရမ်းခဲ့တာလို့ဆိုပါတယ်။ သူ့ကို ပထမအရစ် ကျပ် သိန်း ၂၀ ပေးပြီးသင်တန်းရောက်မှ ကျန်ငွေပေးဖို့ ကတိကဝတ်ပြုခဲ့တာပါလို့ သူကဆိုပါတယ်။

“ဒီထဲရောက်မှာ ငွေထက် လွတ်လပ်မှုက အဖိုးတန်ဆိုတာ သိရတယ်။ ဒါကြောင့် ကားပေါ်က မရမက ခုန်ချပြီးထွက်ပြေးခဲ့တာပါ။ ကျန်တဲ့ သိန်း ၂၀လည်းမလိုချင်တော့ဘူး။”လို့သူက ဆိုပါတယ်။

လူငယ်တွေကိုလည်း ငွေနောက်ကို မလိုက်ကြဖို့နဲ့ သူလို့ အမှားတွေ မကျူးလွန်ဖို့လဲ သူကတိုက်တွန်းပါတယ်။ရွာက ပြည်သူတွေဆီက ကျပ်သိန်း ၂၀ ယူထားလို့ စိတ်မလုံဘူးလို့သူက ဖွင့်ဟပါတယ်။

“အာဏာသိမ်းတယ်ဆိုတာ အစတုန်းက ကျွန်တော် သိပ်စိတ်မဝင်စားဘူး။ ဒါတွေက ငါနဲ့မဆိုင်ဘူးလို့ ထင်ခဲ့တာ။ အခုတော့ သူတို့ထဲမှာ တလလောက်နေပြီး တိုက်ရိုက်ပတ်သတ်မှာ စစ်သားဆိုတာ သူတို့ အာဏာတည်မြဲရေးအတွက် အသက်ပေးရတဲ့ သူတွေပါလားလို့ သိလိုက်ရတယ်။ အာဏာရှင်ဆိုတာ မကောင်းဖူးဆိုတာ နဖူးတွေ့ ဒူးတွေ့ကြုံခဲ့ရပါပြီ”လို့သူ့အတွေ့အကြုံကိုပြောပါတယ်။

ဒါကြောင့် PDF တစ်ယောက်နဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်ဖို့ သူ့ဘဝကိုမြှပ်နှံထားတယ်လို့ လည်းပြောပါတယ် ။ ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *