ချောင်းသာကမ်းခြေသို့ ရုရှားနိုင်ငံ ဘူရားတီးရားပြည်နယ်အစိုးရ ဥက္ကဋ္ဌ လည်ပတ်
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အစိုးရ ဥက္ကဌ Mr Alexey Sambuevich Tsydenov သည် ရန်ကုန်မြို့နှင့် ချောင်းသာကမ်းခြေသို့ အလည်ပတ်ခရီးသွားခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရား၊ ဗိုလ်ချုပ်အောင်ဆန်းဈေး၊ အတွင်းဝန်ရုံး၊ ရန်ကုန်မြို့တော်ခန်းမအပါအဝင် ကန်တော်ကြီးပန်းခြံနှင့် ကရဝိတ်ခန်းမသို့သွားရောက်လည်ပတ်ကြောင်း စစ်ကောင်စီထုတ်ပြန်သည်။
ထို့ပြင်ဧရာဝတီတိုင်းရှိ ချောင်းသာကမ်းခြေသို့သွားရောက်လည်ပတ်ကာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်သားပိုင်ဆိုင်သော Azura Beach Resort တွင်တည်းခိုကြောင်းသိရသည်။
” မိမိအနေနဲ့ ချစ်ကြည်ရေးခရီးလာရောက်ခွင့်ရတဲ့အတွက်ဂုဏ်ယူပါတယ်။ အခုလိုလာရောက်လည်ပတ်နဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းတာနဲ့ သာယာလှပမှုများကိုခံစားမိပါတယ် ” ဟု ရားတီးရားပြည်နယ်အစိုးရ ဥက္ကဋ္ဌ Mr Alexey Sambuevich Tsydenov က ဆိုသည်။
ယမန်နေ့ နိုဝင်ဘာ ၁၅ ရက်နေ့၌ နေပြည်တော်တွင် စစ်ခေါင်းဆောင်နှင့် Mr Alexey Sambuevich Tsydenov အတူ တန်ဆောင်တိုင်မီးထွန်းပွဲတော်တက်ရောက်ပြီး စိန်နားပန်မီးပုံးပျံလွှင်တင်ကြောင်း စစ်ကောင်စီဖော်ပြသည်။
အဆိုပါနှစ်ဦးတွေ့ဆုံရာတွင် မြန်မာစိုက်ပျိုးရေးထွက်ကုန်ကုန်ကြမ်းများကို ကုန်ချောထုတ်လုပ်နိုင်ရေး ၊ နည်းပညာမြှင့်တင်နိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြောင်းသိရသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အစိုးရ ဥက္ကဌ Mr Alexey Sambuevich Tsydenov သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၁၂ ရက်နေ့က ရောက်ရှိခဲ့ပြီးဝန်ကြီးဌာနအများအပြားနှင့် တွေ့ဆုံကြောင်းသိရသည်။
Leave a Reply