စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အောင်သစ္စာရပ်ကွက်မှာ နိုဝင်ဘာလ ၁၅ ရက် မနေ့က အရက်ဆိုင်တစ်ဆိုင်ကို လာပြီး အာဏာပြတဲ့ စစ်အုပ်စုခန့် ရပ်ကွက် အုပ်ချုပ်ရေးမှုး သန်းဌေးဆိုသူ ဓါးခုတ်ခံ ရပြီး ပွဲချင်းပြီး သေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကလေးမြို့ အောင်သစ္စာရပ်ကွက်ထဲ လမ်းသွားလမ်းလာတွေကို ဖမ်းဆီးငွေညှစ်ဖို့ ကြိုးစားနေတဲ့ အဲ့ဒီ ရပ်ကွက် အုပ်ချုပ်ရေးမှူး သန်းဌေးနဲ့ နောက်လိုက်တစ်ဦးဟာ နိုဝင်ဘာလ ၁၅ရက် မနေ့က ရပ်ကွက်ထဲက အရက်ဆိုင် တစ်ဆိုင်မှာ အသံဆူညံလို့ဆိုပြီး ဆိုင်ထဲဝင်ကာ အသံမဆူဖို့ အာဏာပြ ပြောဆိုရာက အရက်ဆိုင်မှာ ရှိနေသူ တစ်ဦးနဲ့ စကားများ ရန်ဖြစ်ပြီး ဓါးနဲ့ ခုတ်သတ်ခံရတာလို့ ဆိုပါတယ်။
“သူက ရပ်ကွက်ထဲ ဆိုင်ကယ်တိုက်မှု ဖြစ်တော့ လာကြည့်တာ။ အဲ့လို လာကြည့်ရင်း ဘေးနားမှာ အရက်ဆိုင် ရှိတယ်။ အဲ့ဒီ အရက်ဆိုင်က ဆူညံနေတော့ လာတားတာ။ အဲ့ဒီမှာ အရက်ဆိုင်က လူနဲ့ စကားများကြတယ်။ ဦးသန်းဌေးနဲ့။ ဦးသန်းဌေးက ဆိုင်ကယ်နဲ့ နှစ်ယောက်လာတာ။ စကားများပြီး အရက်ဆိုင်ထဲက လူက ဓါးနဲ ခုတ်တာ။ ဦးသန်းဌေးက အဲ့ဒီနေရာမှာပဲ သေတယ်။ နောက်တစ်ယောက်ကတော့ သေမယ် ရှင်မယ် မသိရဘူး” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ဓါးနဲ့ခုတ်သူကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။
သေဆုံးသူ ရပ်ကွက်အုပ်ချုပ်ရေးမှူး သန်းဌေးဟာ စစ်အုပ်စုနဲ့ပေါင်းပြီး ဒေသခံတွေကို ဖမ်းဆီးငွေညှစ်၊ အာဏာပြ နေသူ ဖြစ်သလို လူငယ်တွေကို စစ်အုပ်စုအတွက် စစ်သားသစ် စုဆောင်းပေးတာ၊ သန်းခေါင်စာရင်း ကောက်ပေးတာတွေ လုပ်နေလို့ လူမုန်းများသူ ဖြစ်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“သူကတော့ လူမုန်းများတယ်၊ ပြောရမယ်။ ရပ်ကွက်ထဲမှာ စစ်မှုထမ်းဖို့ လူစုပေးနေတဲ့ သူဆိုတော့”
ကလေးမြို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးနဲ့ စစ်အုပ်စုက ပူးပေါင်းကာ မြို့ပေါ် နေရာအနှံ့မှာ ဂိတ်ဖွင့်ပြီး လမ်းသွား လမ်းလာတွေကို ဖမ်းဆီးငွေညှစ် လက်နက်ပြ မိုက်ကြေးခွဲနေသလို လူငယ်လူရွယ်တွေကို ပြန်ပေးဆွဲ၊ ပေါ်တာဆွဲကာ စစ်သားသစ် စုဆောင်းနေပြီး ကလေးမြို့မှာ နိုဝင်ဘာလ ၁ရက်ကနေ ဒီကနေ့အထိ နှစ်ပတ်ကျော်အတွင်း ဒေသခံ ၂၀ ကျော် ပေါ်တာဆွဲ လူသစ်စု ခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
Leave a Reply