ဗန်းမော်နှင့် မိုးမောက်ကြားတွင် တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှဗုံးကြဲ တိုက်ခိုက်နေ

ဗန်းမော်နှင့် မိုးမောက်ကြားတွင် တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှဗုံးကြဲ တိုက်ခိုက်နေ

ကချင်ပြည်နယ်၊ ဗန်းမော်နှင့် မိုးမောက်ကြားတွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ တိုက်ပွဲဆက် လက်ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုများပါ စစ်ကောင်စီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗန်းမော်နှင့် မိုးမောက်ကြား ၊ ၇မိုင်ရှိ အောင်မြင်ကျေးရွာတွင် ယနေ့ နိုဝင်ဘာ ၁၈ရက်နေ့က တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက မြေပြင်တွင် တင့်ကားများ ခြေလျင်စစ်ကြောင်း များအပြင် လေကြောင်းမှပါ ဗုံးကြဲတိုက်ခိုက်နေကြောင်း ကချင်သတင်းရင်းမြစ်ထံက သိရသည်။

“မနေ့ကတည်းက စစ်ကြောင်းထိုးလာလို့ KIA က ပြန်တိုက်တာပေါ့။ ဒီနေ့ကျ လေယာဉ်နဲ့ပါ ပစ်လာတယ်။ စစ်ကြောင်းထိုးတာက ခဏ ခဏရှိပြီ ၅မိုင်၊ ၆မိုင်နဲ့ ၇မိုင်ကြားမှာ အမြဲတိုက်ပွဲဖြစ်တယ်” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီက တင့်ကားများပါဝင်သည့် စစ်ကြောင်းဖြင့် ဗန်းမော်နှင့် မိုးမောက်ကြားကို စစ်ကြောင်း ထိုးလာသည့်အတွက် KIAနှင့် ယမန်နေ့ နိုဝင်ဘာ ၁၇ ရက်နေ့တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက ၎င်းတို့ဆုံးရှုံးလိုက်ရသည့် ခမရ ၄၃၇တပ်ရင်းကို ပြန်လည်ရယူရန် စစ်ကြောင်းထိုးလာ ခြင်းဖြစ်ပြီး KIA သည် စစ်ကောင်စီ၏ ခမရ ၄၃၇တပ်ရင်းကို ပြီးခဲ့သည့် ဩဂုတ် ၁၉ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီသေဆုံးကာ တင့်ကား တစ်စီးကို ဖျက်ဆီး နိုင်ခဲ့သည်။

KIA သည် အဆိုပါတပ်ရင်းကို သိမ်းပိုက်ပြီးနောက် ဗန်းမော်ရှိ ကောင်ဂျာယာန်စခန်းကိုပါ ဆက်လက် သိမ်းယူနိုင်ခဲ့သည်။

ထိုသို့စခန်းများသိမ်းယူပြီးနောက် ဩဂုတ် ၂၄ ရက်မှစတင်ကာ စစ်ကောင်စီက ဗန်းမော်နှင့် မိုးမောက်ကြားကို မကြာခဏ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top