မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ ရွှေစက်တော်ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံခဲ့ရတယ်လို့ အုပ်ချုပ်ရေးမှူးကိုပစ်ခတ်ခဲ့တဲ့ မင်းဘူးအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တဖွဲ့ဆီက သိရပါတယ်။
အသက် ၄၀ အရွယ် အုပ်ချုပ်ရေးမှူး ဦးကြည်လွင်ဆိုသူကို နိုဝင်ဘာ ၁၇ ရက် မနက် ၃ နာရီခန့်မှာ နေအိမ်ကနေဖမ်းဆီးပြီး ကျေးရွာထိပ်လမ်းမှာပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်။ သူအိမ်ကိုဝင်တဲ့အချိန်မှာတော့ လူကိုပဲခေါ်ပြီး ရှင်းလိုက်တာပါ။ တခြားဘာမှမယူလာဘူး။”လို့ ဒီပစ်ခတ်မှုကိုလုပ်ဆောင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံက ပြောပါတယ်။
ပစ်ခတ်မှုကြောင့် ဦးကြည်လွင်ရဲ့ ဦးခေါင်းနောက်စေ့နဲ့ နောက်ကျောတွေမှာ ကျည်ထိဒဏ်ရာရပြီး နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အုပ်ချုပ်ရေးမှူး ဦးကြည်လွင်ဟာ NLD အစိုးရလက်ထက်ကတည်းက ရွှေစက်တော်ကျေးရွာ အုပ်ချုပ်ရေးမှူးလုပ်ခဲ့သူဖြစ်ပြီး စစ်ကောင်စီအာဏာသိမ်းပြီးနောက် စစ်ကောင်စီအဖွဲ့တွေနဲ့ ပိုမိုနီးစပ်လာကာ ကျေးရွာပျူစောထီးခေါင်းဆောင်တဦးလည်းဖြစ်၊ စစ်မှုထမ်းကြေးကောက်ယူတာ၊ စစ်တပ်ကအရာရှိတွေနဲ့ ပူးပေါင်းသွားလာနေတာကို တော်လှန်ရေးအဖွဲ့ဝင်တွေရဲ့ မျက်မြင်တွေ့ရှိချက်အရ သိရှိရတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ အထက်ပါတာဝန်ခံက ပြောပါတယ်။
ပစ်ခတ်ခံရပြီးနောက်မှာ ဒေသခံတွေက ဦးကြည်လွင်ရဲ့အလောင်းကို မင်းဘူးဆေးရုံကို ပို့ပေးခဲ့ကြတယ်လို့ သိရပါတယ်။
အဲ့ဒီနေ့ ည ၇ နာရီလောက်မှာတော့ မင်းဘူးမြို့ ခလရ ၈၈ က စစ်ကောင်စီတပ်သား ၁၄ ဦးခန့်ဟာ အရပ်ဝတ်၊ ဆိုင်ကယ် ၇ စီးနဲ့ ကိုင်းမကျည်းကျေးရွာအနီး ၃ မိုင်စစ်ဆေးရေးဂိတ်ကိုရောက်လာပြီး RPG၊ လက်နက်ကြီးတွေနဲ့ ရွှေစက်တော် ကြိုးဝိုင်းတောတွေထဲကိုပစ်ခတ်ခဲ့ပြီး ထိခိုက်မှုတွေတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
အုပ်ချုပ်ရေးမှူးရှင်းလင်းခံရပြီးနောက် နေ့လယ်ပိုင်းလောက်ကစလို့ နိုဝင်ဘာ ၁၈ ရက် မနက်ပိုင်းထိ စစ်ကောင်စီတပ်သားတွေနဲ့ ဇရပ်ကြီး၊ ရေပုတ်၊ တောင်ပန်းကျေးရွာတွေက ပျူစောထီးတွေပေါင်းပြီး မင်းဘူး-အမ်း၊ မင်းဘူး- စကု၊ မင်းဘူး-မင်းလှ၊ မင်းဘူး-မကွေးဘက်ထွက်တဲ့ လမ်းတွေပေါ်မှာ အစစ်ဆေးတင်းကျပ်နေတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၄ ရက်ကလည်း မင်းဘူးမြို့နယ်၊ ကသက်ကျေးရွာမှာ အုပ်ချုပ်ရေးမှူးနဲ့ပေါင်းပြီး PDF သတင်းကို စစ်ကောင်စီထံပေးနေတဲ့ ဦးအေးလှိုင်ဆိုသူ နေအိမ်မှာပစ်သတ်ခံခဲ့ရပါသေးတယ်။
Leave a Reply