မြင်းခြံတွင် စစ်တပ်က စစ်ကြောင်းထိုးနေပြီး တိုက်ပွဲများ နေ့စဉ် ပြင်းထန်နေကာ လေယာဉ်ဖြင့် မှားယွင်း ဗုံးကျဲမှုကြောင့် စစ်သား ၂၀ ဦးထက်မနည်းသေဆုံး၊ ချေဆေးရွာကိုလည်း စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေပြီး တိုက်ပွဲများ နေ့စဉ် ပြင်းထန်နေကာ လေယာဉ်ဖြင့် မှားယွင်း ဗုံးကျဲမှုကြောင့် စစ်သား ၂၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း မြင်းခြံမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်၍ မြင်းခြံမြို့နယ်အတွင်း အင်အား ၅၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲများ ဆက်တိုက် ပွဲနေပြီး စစ်တပ်က လေယာဉ်ဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဖြစ်ပွားသော တိုက်ပွဲ၌ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို လေယာဉ်က မှားယွင်း ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ၆ ရက်တာဖြစ်ပွားသော တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၀ ဦးထက်မနည်း သေဆုံးကြောင်း သိရှိရသည်။
“စစ်ခွေးတွေကတော့ နေ့စဉ် လေကြောင်း တိုက်ခိုက်မှုရှိပါတယ်။ ဒီနေ့လည်း မုံရွာကနေ တက်လာပြီး Mi-35 နဲ့ ပစ်သွားတယ်။ ရဟတ်ယာဉ်ကော ဂျက်ဖိုက်တာတွေနဲ့ကော နေ့စဉ် ပစ်ခတ် တိုက်ခိုက်နေတာပါ။ တိုက်ပွဲတွေအတွင်းမှာ စစ်ခွေး ၂၀ ဦးထက်မနည်း သေဆုံးတယ်။ လေကြောင်းတိုက်ခိုက်မှုမှာ မှားယွင်းပစ်ခတ်မှုတွေလည်းရှိတယ်။ ၁၆ ရက်နေ့က တိုက်ပွဲမှာ ခွေးအချင်းချင်းမှားယွင်းပစ်ခတ်တာ ကျွန်တော်တို့ အလယ်ပိုင်းမှာ စစ်ခွေးတွေရဲ့ ထိုးစစ်ကို ကြံ့ကြံ့ခံနေတဲ့ အနေအထားရှိနေတယ်။ အဲတာကြောင့် တခြားသော ဒေသတွေကို တော်လှန်ရေး ညီနောင်တွေ အနေနဲ့ တတ်နိုင်သလောက် ပြိုင်တူထပြီးတော့ လှုပ်ရှားပေးကြဖို့ပေါ့။ အဲလိုလုပ်လိုက်ရင် စစ်ခွေးအားလည်း ပျံ့သွားမယ်။ အဲတာကြောင့် တခြားသော ခရိုင်တွေ မြို့နယ်တွေကလည်းပဲ စစ်ခွေးတွေရဲ့ အင်အား ပျံ့သွားအောင် လှုပ်စေချင်ပါတယ်။ ကျွန်တော့် တစ်ဦးတည်းရဲ့ အမြင်ကို ပြောတာပါ” ဟု မြင်းခြံမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် လက်ရှိချိန်တွင် ကျေးရွာ ၈ ရွာကျော်မှာ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ချေဆေးရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
” ဒီနေ့နဲ့ဆို စစ်ခွေးတွေ စစ်ကြောင်းထိုးနေတာ ၆ ရက်ရှိပြီပေါ့။ မြင်းခြံမြို့နယ် တောင်ဘက်ခြမ်းက ရွာတွေကို စစ်ကြောင်းထိုးနေတာ လက်ရှိ ကာလကတော့ ပြည်သူတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာတော့ မရှိဘူး။ ကျွန်တော်တို့ မြေပြင်မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပကဖ တွေအားလုံးက ပြည်သူအားလုံးကို ကယ်ထုတ်ထားနိုင်တယ်။ အဲအတွက်ကြောင့် ဖမ်းဆီးသတ်ဖြတ်ခံရခြင်းမျိုး လုံးဝမရှိဘူးပေါ့။ စစ်ခွေး မီးရှို့လို့ ချေဆေးရွာတစ်ရွာလုံးက မီးလောင် ပြာကျသွားတယ်လို့တော့ ကြားသိရတယ်။ တိုက်ပွဲတွေဖြစ်နေတဲ့နားက ရွာပေါင်း ၈ ရွာလောက်က ရှောင်တိမ်းနေရကြရတယ်။ ပြည်သူ ၁၀၀၀ ကျော် လောက်ရှိမယ်။ ကျွန်တော်တို့ နီးစပ်ရာ အဖွဲ့အစည်းတွေ ပြည်သူ အချင်းချင်း မြေပြင်မှာ ကူညီနေကြရပါတယ်” ဟု မြင်းခြံမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။
Leave a Reply